နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ဆရာတော်ကြီး ၄ ပါး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ဆရာတော်ကြီး ၄ ပါး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ
Photo-FB -Thomas Nhkang

ချင်းမိုင်၊ဇန်နဝါရီလ ၁၆ ။           ။ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များ တိမ်းရှောင်နေချိန်တွင် ကက်သလစ်ခရစ်ယာန်ဆရာတော်ကြီး ၄ ပါးနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ဇန်နဝါရီလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ရိုမန်ကက်သလစ်အသင်းတော်မှ ဆရာတော် လေးပါးတို့ တွေ့ဆုံခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အလွတ်သဘောတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ဆရာတော်များနှင့်အတူ လိုက်ပါသွားသော ဖာသာတစ်ပါးက ပြောသည်။

“ဆရာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီလောက်တွေ့ဆုံပြီးတော့ စကားပြောကြတယ်။ ငြိမ်းချမ်းရေးအတွက် အလွတ်သဘော မိတ်ဆက်တွေ့ဆုံတဲ့သဘောပါ။”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းတို့ တွေ့ဆုံဆွေးနွေးမှုအသေစိတ်ကို မသိရသေးသော်လည်း အဓိကအားဖြင့် လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်တန့်ရန်နှင့် စစ်ရှောင်ဒုက္ခသည်များအရေး ဆွေးနွေးမည် ဖြစ်ကြောင်း ဖာသာတစ်ပါးက ပြောသည်။

“ဆရာတော်တွေက ဘာမှမပြောသေးလို့ ကျွန်တော်လည်း ပြောလို့ မရသေးဘူး။ သူတို့ ဆွေးနွေးကြတဲ့အကြောင်းအရာတော့ ရှိမှာပါ။ အထူးသဖြင့် IDP အရေးနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်မှာ လောလောဆယ် ဖြစ်နေတဲ့ စစ်တွေကို ရပ်ပေးဖို့အတွက် ပြောဆိုကြတာ နေမှာပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

တွေ့ဆုံခဲ့သူများမှာ မြန်မာနိုင်ငံကက်သလစ်အသင်းတော်မှ ကချင်ဆရာတော်ကြီးများ ဖြစ်သော ပေါလ် ဇိန်ထုန်းဂရောင်၊ ဖီးလစ်ပ် လစပ် ဇေဟောင်း၊ ဖရန်စစ် ဒေါတန်နှင့် ရယ်မွန် ဆွမ်းလွတ်ဂမ်တို့ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required