တောဆင်ရိုင်းများ ကျက်စားရာနေရာများကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းမည်

တောဆင်ရိုင်းများ ကျက်စားရာနေရာများကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းမည်
(ဓာတ်ပုံ- www.mining.gov.mm)

နေပြည်တော်(ဇန်နဝါရီ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဇီဝမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းအနေဖြင့် တောဆင်ရိုင်းများ ကျက်စားနေသည့် နေရာများကို သဘာဝနယ်မြေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုလိုက်သည်။

“ထပ်မံဖွဲ့စည်းတည်ထောင်ဖို့ ရည်ရွယ်ထားတဲ့ အဆိုပြုသဘာဝနယ်မြေတွေအထဲမှာ တောဆင်ရိုင်းများကျန်ရှိ ကျက်စားနေတဲ့ နယ်မြေများ ပါဝင်နေပြီး ဆင်များအတွက် နေရင်းဒေသ၊ ကျက်စားနယ်မြေများအဖြစ် သတ်မှတ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။

နေပြည်တော်တွင် ဇန်နဝါရီလ ၁၆ရက်က ပြုလုပ်သည့် မြန်မာ့ဆင့်များထိန်းသိမ်းရေးလုပ်ငန်းစီမံချက် ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးအုန်းဝင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဧရိယာစုစုပေါင်း၏ ၁ဒဿမ၄၁ရာခိုင်နှုန်းပေါ်တွင် သဘာဝနယ်မြေ(၁၁)ခုကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ပြီး တိုးချဲ့မည့် သဘာဝနယ်မြေများအနက် တောဆင်ရိုင်းများ ကျက်စားနေသည့်နယ်မြေများကို ထည့်သွင်းသတ်မှတ်သွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် တောဆင်ရိုင်းများကို တရားမဝင် သတ်ဖြတ်နေမှု၊ လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားနေမှု အများဆုံးမှာ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် အများဆုံး ဖြစ်ပွားလျက် ရှိသည်။

၂၀၁၀ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ တောဆင်ရိုင်းများ သဘာဝတောတွင်း သေဆုံးမှုအဖြစ် ၇၂ကောင်၊ တရားမဝင် အမဲလိုက်သတ်ဖြတ်ခံရမှုအဖြစ် ၆၁ကောင်အထိ ရှိနေပြီး စုစုပေါင်း ဆင်ကောင်ရေ ၁၃၃ကောင် ဆုံးရှုံးခဲ့ရသည်ဟု ဝန်ကြီး ဦးအုန်းဝင်းက ဆိုသည်။

ဆင်များ တရားမဝင်သတ်ဖြတ်ခံနေရမှုများ နှစ်စဉ် ပိုမိုများပြားလာခြင်း၊ ဆင်နှင့်အစိတ်အပိုင်းများကို တရားမဝင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေခြင်းတို့ကို ထိရောက်စွာ ကာကွယ်နိုင်ရန် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေပြီဟုလည်း ဦးအုန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required