ခန္တီး၊ ဇန်နဝါရီ ၁၆ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အား ချင်းတွင်းမြစ်၏ မြစ်ရေလျှံမှုကို ကာကွယ်ရန်အတွက် မြစ်ကမ်းတစ်လျှောက် မြေသားတာဘောင်များ ပြုလုပ်လျှက်ရှိသည်ဟု မြေသားတာပေါင် ဦးဆောင်ပြုလုပ်နေသူ ဦးမြင့်ဖေ က မဇ္ဈိမကိုပြောသည်။
ထိုသို့ မြေသားတာဘောင်ကို ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများစုပေါင်း၍ အလျား ၁၆၀၀၀ ပေ၊ အမြင့် ၅ပေ၊ အကျယ် ၂၀ ပေ ပြုလုပ်နေခြင်းဖြစ်သည်။ မြေသားတာဘောင်ပြုလုပ်နေခြင်းကို ဒီဇင်ဘာ ပထမပတ်က စတင်ဆောင်ရွက်နေခဲ့ပြီး ဖေဖော်ဝါရီလအတွင်းတွင် အပြီးပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ခန္တီးမြို့မကျောင်းဆရာတော် ဦးကဝိပါလက "အခုလို မြေသားတာဘောင် လုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် မြေသားတာဘောင်တွေ လုပ်တဲ့နေရာမှာ ခိုင်မာဖို့လိုပါတယ်"ဟု မိန့်ကြားသည်။
ခန္တီးမြို့တွင် နှစ်စဉ်ချင်းတွင်းမြစ်ရေလျှံခြင်းကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ကြုံတွေ့ရတတ်ကြောင်းလည်း ဆရာတော်က မိန့်သည်။
ဒေသခံများအနေဖြင့် မြေသားတာဘောင်ပြုလုပ်သလို မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ရေဝင်ပေါက်များကိုလည်း ရေတံခါးများ ပြုလုပ်ပေးစေချင်ကြောင်း သိရသည်။