နေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံး ဒုတိယနေရာတွင် မကွေးတိုက်စစ်မှူး စိုးမင်းနိုင် ရပ်တည်နေ

နေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံး ဒုတိယနေရာတွင် မကွေးတိုက်စစ်မှူး စိုးမင်းနိုင် ရပ်တည်နေ
ဂိုးသွင်းအပြီး အောင်ပွဲခံနေသော မကွေးအသင်းတိုက်စစ်မှူး စိုးမင်းနိုင်။  (ဓာတ်ပုံ - မကွေးအက်ဖ်စီ)

ဇူလိုင် ၂၂၊ ရန်ကုန်။ ။ ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်တွင် ဂိုးသွင်းအများဆုံးကစားသမားစာရင်း၌ ပြည်တွင်းကစားသမားတစ်ဦးဖြစ်သော မကွေးအသင်းတိုက်စစ်မှူး စိုးမင်းနိုင်မှာ  ဒုတိယနေရာတွင် ရပ်တည်နေသည်။

ဂိုးသွင်းအများဆုံး ပထမနေရာတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆီဇာက သွင်းဂိုး ၁၆ ဂိုးဖြင့်ရပ်တည်နေပြီး ဒုတိယနေရာတွင် မကွေးအသင်းတိုက်စစ်မှူး စိုးမင်းနိုင်က သွင်းဂိုး ၉ ဂိုးဖြင့် ရပ်တည်နေသည်။ မြန်မာ့လက်ရွေးစင်အသင်း ကစားသမား၊ မကွေးအသင်းတိုက်စစ်မှူး စိုးမင်းနိုင်သည် ပြည်တွင်းနာမည်ကျော် တိုက်စစ်မှူးများဖြစ်ကြသော ကျော်ကိုကို၊ ကျော်ဇေယျာဝင်းတို့ကို ဖြတ်ကျော်ကာ ဂိုးသွင်းအများဆုံး ဒုတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ဂိုးသွင်းအများဆုံး အဆင့် ၃ နေရာတွင် ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး ရစ္စတီက သွင်းဂိုး ၇ ဂိုးဖြင့်ရပ်တည်နေသည်။ အဆင့် ၄၊ ၅ ၊ ၆ နေရာတွင်များတွင် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ကျော်ကိုကို၊ အီမာဆန်နှင့် မကွေးအသင်းတိုက်စစ်မှူးဆီလာတို့က သွင်းဂိုး ၆ ဂိုးစီဖြင့် ရပ်တည်နေသည်။ အဆင့် ၇ နှင့် အဆင့် ၈ နေရာများတွင်
ချင်းယူနိုက်တက်အသင်းမှ တိုက်စစ်မှူး နှစ်ဦးဖြစ်ကြသော ဆန်းဒေးမက်သရူးနှင့် ဆောင်လမန်တို့က သွင်းဂိုး ၅ ဂိုးစီဖြင့်ရပ်တည်နေသည်။ ဂိုးသွင်းအများဆုံး အဆင့် ၉ နှင့် ၁၀ နေရာများတွင် ကမ္ဘောဇအသင်း တိုက်စစ်မှူး ကျော်ဇေယျာဝင်းနှင့် ဇေယျာရွှေမြေတိုက်စစ်မှူး ဗစ်တာတို့က ရပ်တည်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး(ဂိုးသွင်းဘုရင်ဆု)ရခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ဆီဇာမှာ လက်ရှိ
၂၀၁၅ ပြိုင်ပွဲတွင် လည်း ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာရန် အလားအလာအကောင်းဆုံးဖြစ်နေသကဲ့သို့ မကွေးတိုက်စစ်မှူးစိုးမင်းနိုင်သည်လည်း ယခုနှစ်ပြိုင်ပွဲအပြီးတွင် ဂိုးသွင်းအများဆုံး ပြည်တွင်းကစားသမားဖြစ်လာရန် အလားအလာအကောင်းဆုံးဖြစ်နေသည်။

ပွဲစဉ် ၁၂ အပြီး ဂိုးသွင်းအများဆုံးစာရင်း

------------------------------------------

စဉ်။    အမည်=အသင်း=သွင်းဂိုး

၁။    ဆီဇာ=ရန်ကုန် =၁၆ ဂိုး
၂။    စိုးမင်းနိုင်=မကွေး=၉ ဂိုး
၃။    ရစ္စတီ=ဧရာဝတီ=၇ ဂိုး
၄။    ကျော်ကိုကို=ရန်ကုန်=၆ ဂိုး
၅။    အီမာဆန်=ရန်ကုန်=၆ ဂိုး
၆။    ဆီလာ=မကွေး=၆ ဂိုး
၇။    မက်သရူး=ချင်းယူနိုက်တက်=၅ ဂိုး
၈။    ဆောင်လမန်=ချင်းယူနိုက်တက်= ၅ ဂိုး
၉။    ကျော်ဇေယျာဝင်း=ကမ္ဘောဇ=၄ ဂိုး
၁၀။    ဗစ်တာ=ဇေယျာရွှေမြေ=၄ ဂိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required