စနစ်သစ်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်းအတွက် ယာဉ်လိုင်းသား ၄၀၀ မှတ်ပုံတင်ထား

စနစ်သစ်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်းအတွက် ယာဉ်လိုင်းသား ၄၀၀ မှတ်ပုံတင်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၄။  ။ ရန်ကုန်မြို့တွင် ပြောင်းလဲလိုက်သော အများပိုင်ယာဉ်လိုင်းစနစ်သစ်မှာ ပါဝင်ရေးအတွက် ယာဉ်ပိုင်ရှင်တွေဟာ စနစ်သစ်မစတင်မီ တစ်ရက် ဇန်နဝါရီ ၁၅ရက် နောက်ဆုံးထား  မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၄ရက်ထိတော့ စာရင်းပေးသွင်းထားတဲ့ ယာဉ်ပိုင်ရှင်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သို့သော်
၁၂ရက်နေ့အထိ ယာဉ်လုပ်သားနေရာအတွက် မှတ်ပုံတင်ထားသူ အရေအတွက် ၄၀၀ကျော်ရှိနေပြီလို့ သိရပါတယ်။ 

မှတ်ပုံလာတင်တဲ့ ယာဉ်ပိုင်ရှင်အချို့ကတော့ လုပ်ထုံးလုပ်နည်းတွေကို နားမလည်ကြဘဲ အခက်တွေ့နေတဲ့သူတွေလည်းရှိနေပါတယ်လို့ ပြောပါတယ်။ 

၂၄၈ ယာဉ်လိုင်းပိုင်ရှင် ဦးကျော်ဦးက "တလကို ကျွန်တော်တို့ရဲ့ ဝင်ငွေဘယ်လောက်ရမယ်ဆိုတာ ကျွန်တော်တို့ဘယ်သူမှ အပိုင်ပြောလို့မရဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဒီအတိုးနှုန်းနဲ့ ဒီရဲ့ရမယ့်ဝင်ငွေ ဘာမှမသိဘူး။ပြင်ဆင်စားရိတ် ဘာဖြစ်လာမယ်ဆိုတာမသိဘူး။ ဒီလေးနှစ်နဲ့ရော ကြေမလားဆိုတာလည်း မသိဘူး။ ကြေသွားသော်လည်းကောင်း ဒီကားက ကျွန်တော်ပိုင်မယ်ဆိုတာလည်း မသိရဘူး။ အဲဒီတော့ ကျွန်တော့်ဘာသာကျွန်တော် ယတိပြတ်ဖြတ်ပြီးတော့ အခုကတည်းကတခါတည်း အစသတ်လိုက်တာကောင်းတယ်လို့ အကိုယူဆတယ်။" လို့ သူ့ရဲ့ စိုးရိမ်မှုကို ပြောပြပါတယ်။ 

ဒိုင်နာ၊ ဘီအမ် နဲ့ သတ်မှတ် မော်ဒယ်လ်အောက်ကားတွေကို စနစ်သစ်မှာ ပါဝင်စေမှာ မဟုတ်ပါဘူး။ အဲဒီကားတွေကို ပြန်အပ်မယ်ဆိုရင်လည်း စလစ်တွေကို ပြန်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အများပိုင်စနစ်မှာ မပါဝင်ချင်တော့ဘဲ စလစ်ရဖို့ ယာဉ်လာအပ်တဲ့ ပိုင်ရှင်တွေလည်း ရှိနေပါသေးတယ်။ 

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က "စနစ်ဟောင်းမှာ ပျော်မွေ့နေတဲ့သူတွေ၊ စနစ်ဟောင်းနဲ့စီးပွားဖြစ်နေတဲ့သူတွေက သူတို့အတွက် လုံးဝအဆင်မပြေပါဘူးနော်။ ဒီလိုလူတွေရဲ့ ဖျက်လိုဖျက်ဆီးလုပ်မှုတွေကိုလည်း ကြုံရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပြောင်းလဲတယ်ဆိုတာ ဒါမျိုးကို လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းလဲမှုကို စိန်ခေါ်မှုတွေရှိလို့ ကျွန်တော်တို့ရပ်သွားမယ်ဆိုရင် ဒါကျွန်တော်တို့ အရှုံးပေးတာဖြစ်မှာပေ့ါနော်။

အခုလက်ရှိမှာ အများပိုင်စနစ်ဆိုသော်လည်း အစုအဖွဲ့ပိုင်အဖြစ် ပြေးဆွဲနေဦးမှာဖြစ်ပါတယ်။ ဘတ်စ်ကား စနစ်သစ်မှာ ယာဉ်လိုင်းပေါင်း ၆၁လိုင်းနဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်များမှာလည်း ယဉ်လမ်းကြောင်းပါဝင်တဲ့ ဆိုင်းဘုတ်တွေကို  ပြီးခဲ့တဲ့ရက်ပိုင်းက စိုက်ထူထားခဲ့ပြီး ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly