ပျားမွေးမြူရေးကြောင့် ဝင်ငွေများစေပြီး စိုက်ပျိုးရေးကိုပါ အထောက်အကူဖြစ်

ပျားမွေးမြူရေးကြောင့် ဝင်ငွေများစေပြီး စိုက်ပျိုးရေးကိုပါ အထောက်အကူဖြစ်

ပျားမွေးမြူရေးကြောင့် သီးနံှအထွက်တိုးစေပြီး တောင်သူများလည်း  ဝင်ငွေ တိုးပွားလျက်ရှိသည်

ကလော၊ ပင်းတယ (Myanmar Now) - ရှမ်းပြည်နယ်၊  ကလောမြို့နယ် ကျောက်ထပ်ကျေးရွာမှ ကိုဇော်မျိုးသိန်း၏ဂျုံခင်းသည် တွေ့နေကျ စိုက်ခင်းများနှင့် မတူချေ၊ သူ၏ ဂျုံပင်များအနီး   မြေလွတ်တွင် မွေးမြူရေးပျားအုံများကို တန်းစီချထားသည်။

လွန်ခဲ့သော ၄ နှစ်က ခေတ်မှီပျားမွေးမြူရေးသင်တန်း တက်ရောက်ပြီးနောက် သူ့ခြံထဲတွင် ပျားအုံ ၅ အုံ ထားရှိကာ မွေးမြူရေးလုပ်ငန်း စတင်ခဲ့ရာ ယခုအခါ  ပျားအုံပေါင်း ၁ဝဝ ကျော်အထိ တိုးချဲ့ လုပ်ကိုင်လျက် ရှိကြောင်း တွေ့ရသည်။

မိသားစုစီးပွားတိုးစေသော ပျားမွေးသည့်လုပ်ငန်းအပေါ် ပိုမိုအာရုံစိုက်နေကြောင်းကို သူ့ခြံထဲမှ မခူးဆွတ်ရသေးသည့် ရင့်ထော်နေသော ရုံးပတီသီးများက သက်သေခံလျက်ရှိသည်။

“စိုက်ပျိုးရေးလုပ်ရုံသက်သက်နဲ့ဆိုရင် ကျွန်တော့်သားလေးကို မြို့မှာ ကျောင်းထားနိုင်မှာမဟုတ်ဘူး။ ပျားမွေးမြူရေးကနေ ဝင်ငွေရလို့ သားလေးကို ကျောင်းထားနိုင်တာ” ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စိုက်ပျိုးရေးမှ နှစ်စဉ် ရလာသော အကျိုးအမြတ်မှာ ဝမ်းဝ ခါးလှရုံသာရှိခဲ့ရာမှ ပျားမွေးမြူရေး တွဲဖက်လုပ်ကိုင်သောကြောင့် သူ၏ နှစ်စဉ်ဝင်ငွေက  သိန်း ၁၃ဝ ခန့် ရှိနေပြီဖြစ်သည်။

ကလောနှင့် မနီးမဝေး ပင်းတယမြို့မှ  ပျားမွေးတောင်သူ ကိုဟိန်းဟိန်းထွန်းကလည်း သူ၏ ပျား ၃၄ အုံကြောင့် အမြတ်ငွေ နှစ်စဉ် ၁၅ သိန်းကျော် ရှိမည်ဟု ခန့်မှန်းသည်။

ပျားမွေးမြူရေးကို စီးပွားဖြစ် လုပ်ကိုင်သော ဒေသတွင်းမှ တောင်သူများလည်း ၎င်းတို့ကဲ့သို့ ဝင်ငွေ တိုးပွားလျက်ရှိကြောင်း တွေ့ရသည်။ ထို့ပြင် ပျားတို့၏ ဝတ်မှုန်ကူးသည့် သဘော သဘာဝကလည်း သီးနှံများ ပိုမို အထွက်တိုးစေရန် အားပေးနေသည်။  

ပျားမွေးမြူရေးလုပ်ငန်း

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ပျားလုပ်ငန်းဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းက နိုင်ငံအနှံ့တွင် ပျားမွေးမြူရေးလုပ်ငန်း မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ   ၉၅ဝ ကျော် ရှိသည်ဟု ပြောသည်။

ပျားမွေးတောင်သူတို့သည် ၎င်းတို့၏ ပျားအုံတို့ကို တစ်နှစ်လျှင် ပန်းခင်း၊  သီးနံစိုက်ခင်း စသည့် ပျားစားကျက် လေးနေရာမှ  ခြောက်နေရာခန့်အထိ ပြောင်းရွှေ့ပြီး မွေးမြူကြရသည်။

ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်၊ ပျားကောင်ရေ အနည်းဆုံး သုံးသောင်းဝန်းကျင်၊ ပျားရည်သိုလှောင်သည့် ပျားသလပ်ပေါင်း ၅ ချပ်မှ ၈ ချပ်အထိ ပါဝင်တတ်သည်။ မွေးမြူရေးပျားတို့က ဆီးသီး  (ဇီးသီး)၊  ပန်းနှမ်း၊  လိုင်ချီး၊  နေကြာ  စသည့်အပင်များ၊  စိုက်ခင်းများမှ အချိုဓာတ်၊  ဝတ်ရည်တို့ကို စုတ်ယူကြပြီး ပျားအုံတွင် သွားရောက် သိုလှောင်ကြရာမှ ပျားရည် ဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံးမှ ထွက်ရှိသော ပျားရည်များ၏ ၇ဝ ရာခိုင်နှုန်းမှာ ဆီးပျားရည်ဖြစ်သည်ဟု သိရသည်။

ပျားမွေးမြူခြင်းဖြင့် တစ်ပိဿာ ၁,၇ဝဝ မှ ၂,၃ဝဝ အထိ ပေါက်ဈေးရှိသော ပျားရည် ထုတ်လုပ်နိုင်သကဲ့သို့  ပျားဖယောင်း၊  ဝတ်မှုန်၊  ပျားနို့ တို့ကိုလည်း ထုတ်လုပ် ရောင်းချနိုင်သည်။ ပျားအုံ တစ်အုံမှ နှစ်စဉ် ပျားရည်ပိဿာချိန် ၂၅ဝ ခန့် ထွက်ရှိသည်။

စိုက်ခင်းနှင့်ပျားအုံဝေးကွာခြင်းကဲ့သို့သော ပျားစာ မရနိုင်သည့် အခြေအနေမျိုးတွင် မွေးမြူရေးပျားတို့ကို သကြား အရည်ဖျော်ပြီး ကြွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ် သကြား ပိဿာ ၂ဝ မှ ၂၅ အထိ ကုန်ကျကြောင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစန်းဝင်းက ရှင်းပြသည်။ သူ၏လုပ်ငန်းတွင် ပျားအုံပေါင်း ၄ဝဝ ခန့် ရှိနေသည်။

ကောင်ရေ ၃ဝ,ဝဝဝ ဝန်းကျင်ခန့် ရှိသော ပျားတစ်အုံအတွက် အစာကုန်ကျစားရိတ်မှာ နှစ်စဉ် ၈ဝ,ဝဝဝ ဝန်းကျင် ရှိသည်ဟု  ဦးစန်းဝင်းက ခန့်မှန်းသည်။

နိုင်ငံတကာတွင် မွေးမြူရေးပျားကောင်ရည် လျော့နည်းလာသော်လည်း မြန်မာနိုင်ငံသည် ပျားမွေးမြူရေး လုပ်ငန်း တိုးတက် များပြားလာနိုင်သည့် ဒေသတစ်ခု ဖြစ်သည်ဟု မျှော်လင့်ကြောင်း အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ  (LIFT) အဖွဲ့၏  ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။ သို့သော်လည်း ပျားတို့၏ ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်မှာ စိုက်ခင်းများတွင် ဓာတုဗေဒပိုးသတ်ဆေးကို အသုံးပြုမှု တိုးပွားလာခြင်း၊ မဆင်မခြင်သုံးကြခြင်းတို့ ဖြစ်သည်ဟု ကုလသမဂ္ဂက ကြီးကြပ်သည့် ထိုအဖွဲ့က သုံးသပ်သည်။

တောင်သူတချို့က ၎င်းတို့၏ သီးနံှများ အထွက်လျော့နည်းရခြင်းမှာ ၎င်းတို့၏ စိုက်ခင်းအနီး ပျားပုံးချပြီး ပျားရည် စုဆောင်းမှုကြောင့် ဖြစ်ကြောင်း  ပြောဆိုကြသည်။

တောင်ကြီးမြို့နယ် ပျားလုပ်ငန်းဌာန ဦးစီးအရာရှိ ဦးမျိုးဝင်းက ထိုစွပ်စွဲချက်များကို ပျယ်ချလိုက်သည်။

“ပျားကြောင့် အထွက်တိုးတာပဲရှိပါတယ်။ နိင်ငံတကာ သုတေသနလည်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း  သုတေသနသုံးလေးခါလောက်လုပ်ပြီး စမ်းသပ်ပြီးတဲ့အခါမှာ ပျားကြောင့် ဆုတ်ယုတ်တယ်ဆိုတာ မရှိပါဘူး” ဟု ဦးစီးအရာရှိက ဆိုသည်။

ပျားမွေးတောင်သူ ကိုဇော်မျိုးသိန်းကလည်း ထိုအချက်ကို ထောက်ခံသည်။

 “ပျားတွေက (သီးနံှပင်တွေကြား) ဝတ်မှုန်ကို သယ်ဆောင်ပေးနေတဲ့အတွက် စိုက်ပျိုးရေးတွေကအောင်မြင်နေရတာ” ဟု ကိုဇော်မျိုးသိန်းက ပြောသည်။

သင်တန်းပေးခြင်း

ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းဌာနသည် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သည့် TAG International Deveploment နှင့် တွဲဖက်၍   ကျေးရွာပေါင်း ၂ဝ ခန့်မှ တောင်သူ ၅ဝဝ ကျော်ကို   ပျားရောဂါကာကွယ်ကုသရေး၊  ပျားဘုရင်မ မွေးမြူရေး၊  ပျားထွက်ပစ္စည်း အမြောက် အများထုတ်လုပ်ရေး၊  ပျားအုံကိုင်တွယ်ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများ ပေးခဲ့သည်။  

TAG အဖွဲွ့က  ပင်းတယမြို့တွင် ပျားမွေးမြူရေးသင်တန်းကျောင်း ဖွင့်ထားရာ  Plan Bee ဟု အမည်ပေးထားသော ထိုကျောင်းက ဒေသတွင်း မြို့နယ်များရှိ ရွာပေါင်း ၂၁ ရွာကို  ပျားအုံ ၅ဝ နှုန်းစီ   ရောက်ရှိစေရန် စီစဉ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ပျားတစ်အုံလျှင် ၃ဝ,ဝဝဝ နှုန်းဖြင့် ရောင်းချပေးသည်။

“ရှေ့ပိုင်းက သင်တန်းသားတွေကတော့ သူတို့ဘာသာသူတို့ ရပ်တည်နိုင်တဲ့ အခြေအနေအထိ ရောက်သွားပါပြီ၊  လိုအပ်တဲ့ ပံ့ပိုးမှုလေးတွေ ထပ်ပေးလိုက်ရင် သူတို့ရဲ့ စီးပွားရေးလမ်းကြောင်း   ဖြောင့်ဖြူးသွားမှာပါ” ဟု Plan Bee ၏ စီမံကိန်းမန်နေဂျာ ဦးတင်မောင်ကြည်က ပြောသည်။

ပျားမွေးမြူနေသူတို့ လုပ်ငန်းများ စနစ်တကျ စီစဉ်နိုင်ရန် အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း တချို့လည်း ပို့ချပေးနေသည်။ သင်တန်းဆင်းသူများကိုလည်း အကူအညီ ပေးနေကြောင်း  Plan Bee က ဖွဲ့စည်းထားသော ပျားမွေးမြူရေးအရင်းအမြစ်နှင့် စီးပွားရေးစင်တာမှ ဒါရိုက်တာ ဒေါ်ခင်မြဦးက ပြောသည်။

 “သူတို့ဆီက ထွက်လာတဲ့ ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေကို လက်လီလက်ကား ဈေးကွက်တွေ ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်ခင်မြဦးက  ပြောသည်။

ပျားတုပ်ခံရလျှင် သုံးရက်ခန့်ဆေးကုခဲ့ရသောကြောင့် ပျားကို ရန်သူလိုသဘောထားခဲ့သူ ကိုဇော်မျိုးသိန်းသည် ပျားမွေးမြူရန် စိတ်ကူးမရှိခဲ့ပေ။ သင်တန်းတွင် ပျားတို့၏ဇီဝဗေဒ၊  ပျားအုံ ထိန်းသိမ်းနည်း၊  ပျားရုက္ခဗေဒ၊  ပျားရောဂါ ကာကွယ် ကုသနည်း၊  သစ်ခေါင်းပျားမွေးမြူရေးနှင့်  ပျားစခန်းနေရာ ရွေးချယ်ခြင်း စသည့် အကြောင်းအရာတို့ကို သင်ယူခဲ့ပြီး လက်တွေ့ လုပ်ကိုင်ရာမှ ပျားချစ်သူ ဖြစ်လာသည်။

“အစတုန်းက (ပျားအုံကို) တောထဲမှာ တွေ့ရင် သစ်ကိုင်းကိုပါချိုးပြီးတော့ သားလောင်းတွေပါ သတ်စားလိုက်တာလေ။     ပျားက ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တယ်ဆိုတာကို ဒီသင်တန်းတက်ပြီး နောက်ပိုင်းမှ သိရတာ” ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စီးပွားဖြစ်ပျားမွေးသူများ  အတွေ့အကြုံနှင့် လုပ်ငန်းတိုးချဲ့မှု ရှိလာပါက တစ်နှစ်ပတ်လုံး ဝင်ငွေ ကောင်းလာနိုင်ကြောင်း  အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီအရင်ခံစာတွင်ဖော်ပြထားသည်။

ပျားရည်ဈေးကွက်  

လတ်တလောအခြေအနေအရ ကမ္ဘာ့ပျားရည်ဈေးကွက်ကျဆင်းခြင်း၊  ဒေသတွင်းနိုင်ငံများမှ ပျားရည် ပိုမိုထုတ်လုပ်လာခြင်းတို့ကြောင့် ပျားရည်ဈေးနှုန်း ကျဆင်းနေသော်လည်း ပျားမွေးတောင်သူတို့  အဆင်ပြေနေသေးသည်ဟု သိရသည်။ မကွေးတိုင်း အောင်လံမြို့နယ်မှ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်သို့ လာရောက်ပြီး ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုသိန်းတန်က လတ်တလော ပျားရည်ဈေးကျနေခြင်းကြောင့်   အမြတ်အစွန်း နည်းသွားကြောင်း ပြောသည်။

“ပျားအုံ ၅ဝ လောက်ကို တစ်နှစ်ပတ်လုံးကုန်ကျစားရိတ်က သိန်း ၂ဝ ကုန်တယ်။  သိန်း ၄ဝ ကျော်လောက် ပြန်ရတယ်” ဟု ပျားအုံပေါင်း ၉ဝဝ ခန့် ပိုင်ဆိုင်သူ ကိုသိန်းတန်က တွက်ပြသည်။

ပြည်ပဝယ်လိုအား နည်းသွားသောကြောင့် ပျားရည်ဈေးကွက်ကျဆင်းဖြစ်ကြောင်း Plan Bee မှ Project Mananger ဦးတင်မောင်ကြည်က ရှင်းပြသည်။

“အခုလောလောဆယ်   သူတို့ မရှုံးပါဘူး၊  သင့်တင့်တဲ့အမြတ်တော့ ရပါတယ်” ဟု ၎င်းက ပြောသည်။

ပျားရည်ကို ထိုင်း၊ ဂျပန်၊ မြောက်အမေရိကနိုင်ငံများသို့  တင်ပို့နေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တန် ၄,ဝဝဝ ကျော် ထုတ်လုပ်ခဲ့ပြီး၊   အဆုံးသတ်တော့မည့် လက်ရှိ ဘဏ္ဍာနှစ်အတွက်  တန် ၂,၃ဝဝ ခန့် ထုတ်လုပ်ပြီး ဖြစ်ကြောင်း နေပြည်တော်  ပျားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 မြန်မာနိုင်ငံမှ ပျားမွေးမြူရေး လုပ်ကိုင်သူများသည် နိုင်ငံတကာက ပိုမိုလက်ခံသည့်  အရည်အသွေးမှီ ပျားရည် ထုတ်လုပ်ရန် အရေးကြီးသည်ဟု Plan Bee မှ ဦးတင်မောင်ကြည်က ထောက်ပြသည်။

“ခေတ်မှီနည်းပညာတွေသုံးပြီးတော့ အရည်အသွေး ပိုကောင်းလာအောင် ထုတ်နိုင်မယ် ဆိုရင်တော့ ကမ္ဘာ့ ဈေးကွက်မှာ မြန်မာ့ ပျားရည်က နာမည်ရပြီးသားဖြစ်တဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်သွားနိုင်မှာပါ” ဟု ဦးတင်မောင်ကြည်က ပြောလိုက်သည်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required