ဘင်္ဂလားဒေ့ရှ်သည် အကြမ်းဖက်လုပ်ရပ်အတွက် နယ်မြေအသုံးပြုခွင့်ပေးမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ်ပြော

ဘင်္ဂလားဒေ့ရှ်သည် အကြမ်းဖက်လုပ်ရပ်အတွက် နယ်မြေအသုံးပြုခွင့်ပေးမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ်ပြော
ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန

ဇန်နဝါရီ ၁၃ ။           ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများအား ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ရပ်အတွက် ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က  မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ ၁၁ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အား  တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုတွင် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုထိန်းသိမ်းရေး၊ အကြမ်းဖက်သမားများ စိမ့်ဝင်လာမှုကို တားဆီးနိုင်ရေးတို့အတွင် သတင်းအချက်အလက်ဖလှယ်ရေးမှာ အရေးကြီးကြောင်း  နှစ်ဘက်လုံးက အလေးထားပြောခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်၊ မြန်မာနယ်ခြားစောင့်ရဲစခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည်ဟု ဆိုသူများအား စနစ်တကျ စိစစ်အတည်ပြုနိုင်ရေးနှင့် ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် ဆွေးနွေးမှုများ စတင်ရန်သဘောတူခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly