ငွေကုန်သက်သာ ရေအစက်ချ နည်းပညာ ခရမ်းပင်စိုက်ကြပါ

13 January 2017
ငွေကုန်သက်သာ ရေအစက်ချ နည်းပညာ ခရမ်းပင်စိုက်ကြပါ
 

ခရမ်းပင်က အနွေးကြိုက် သီးနံှပင်ဖြစ်ပြီး နှစ်ရှည်ပင်ဖြစ်ပေမယ့် နှစ်ချင်း စိုက်ပျိုးစားသုံး နိုင်ပါတယ်။ အသီးကိုသာ စားရပြီး အပင်အမြင့်ကတော့ ၁ ပေကနေ ၃ ပေအထိ ရှိပါတယ်။ အကျယ်ကတော့ ၁ ပေကနေ ၂ ပေအထိ ကျယ်ဝန်းပါတယ်။

ခရမ်းပင်ကတော့ အိန္ဒိယနိုင်ငံက စခဲ့တာဖြစ်ပြီး အခုအခါမှာတော့ တစ်ကမ္ဘာလုံး စားသုံးလာတဲ့ အသီးအနှံပင် ဖြစ်လာပါပြီ။ အခုဆိုရင်တော့ ဂျပန်မျိုး၊ တာကေမျိုး၊ အီတလီမျိုးဆိုပြီးတော့ အမျိုးအစားများစွာ ရှိလာပါတယ်။

ခရမ်းသီးကို ချက်၍ဖြစ်စေ၊ အတို့အမြုပ်အဖြစ် ဖြစ်စေ စားသုံးနိုင်ပါတယ်။ အခြားသော အသားမျိုးစုံ၊ ဟင်းသီးဟင်းရွက်များနဲ့လည်း တွဲဖက်ပြီး ချက်ပြုတ် စားသုံးနိုင်ပါတယ်။

ကျွန်တော်တို့အဖွဲ့သားတွေ ဒီကနေ့ ရောက်ရှိနေတဲ့ နေရာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နားမှာရှိတဲ့ ဥယျာဉ်ကုန်းကျေးရွာမှာဖြစ်ပါတယ်။ ဥယျာဉ်ကုန်းကျေးရွာမှာဆိုရင်တော့ ဒီခရမ်းသီးကို ရေအစက်ချ နည်းပညာစနစ်နဲ့ စိုက်ပျိုးထားတာကို တွေ့ရပါတယ်။

အဲတော့ လက်ရှိ ကျွန်တေ်ာတို့ မြင်ရသလောက်တော့ လက်ရှိအသုံးပြုထားတဲ့ ရေအစက်ချ နည်းပညာကတော့ တောင်သူအတော်များများ အသုံးပြုနိုင်တဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။ အကုန်အကျ သက်သာပြီးတော့ အားလုံးအသုံးပြုနိုင်တဲ့ နည်းပညာဖြစ်ပြီး ဒီနည်းစနစ်အတိုင်းလည်း ကျွန်တော်တို့ လေ့လာပြီးတော့ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။

ခရမ်းပင်ကိုတော့ ပျိုးထောင်ပြီး ပျိုးပင်ပေါက်ကိုဖြစ်စေ အစေ့ကို တိုက်ရိုက်ချ၍ဖြစ်စေ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာ အပူချိန်ကတော့ ၆၀ ဒီဂရီ ဖာရင်ဟိုက် ရှိရမှာလည်း ဖြစ်ပါတယ်။ မြေကွက်အပေါ်ယံ မြေဆီလွှာပေါ်မှာတော့ ၂ လက်မ ၃ လက်မထူအောင် မြေဆွေးများ ထည့်ပေးရမျာလည်း ဖြစ်ပါတယ်။ အေးတဲ့ဒေသတွေမှာဆိုရင်တော့ အပင်စိုက်မယ့် စိုက်ဘောင်တွေကို ၂ ပတ်ခန့် ကြိုတင်ပြီးတော့ ပလက်စတစ်အနက်ရောင် ဖုံးအုပ်ထားပေးရမှာ ဖြစ်ပါတယ်။

တစ်ပင်နဲ့တစ်ပင်ကိုတော့ တစ်ပေ ဒါမှမဟုတ်ရင် နှစ်ပေခန့် ခြားနားပြီးတော့ တစ်တန်းနဲ့ တစ်တန်းကိုတော့ သုံးပေခန့် ခြားထားပေးရမှာပါ။ လေထုရဲ့အပူချိန်ကတော့ နေ့ဘက်ကို ၈၀ ဒီဂရီဖာရင်ဟိုက်နဲ့ ညဘက်အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက် ရရှိနေမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပြီးတော့ အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက် အောက်နဲ့ ၉၀ ဒီဂရီ ဖာရင်ဟိုက်အထက်မှာ ရှိနေမယ်ဆိုရင်တော့ အသီးဖြစ်ထွန်းမှု ကျဆင်းမှာလည်း ဖြစ်ပါတယ်။

ဒီမှာအသုံးပြုထားတဲ့ ရေအစက်ချနည်းပညာကတော့ ကျွန်တေ်ာတို့ တောင်သူဦးကြီးများ အကုန်လုံး အသုံးပြုနိုင်တဲ့ နည်းပညာလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ် အနည်းငယ်ပဲ ရှိပြီးတော့ တကယ်တမ်းသုံးမယ်ဆိုရင်တော့ သုံးနှစ်လေးနှစ်လောက် ခံမယ့် ပိုက်တွေကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ရေအစက်ချထားတဲ့ ပိုက်လေးတွေက ၁၅ မိနစ်လောက်ဆိုရင် ရေသန့်ဗူးတစ်ဗူး တစ်လီတာလောက် ရေသွားနှုန်းရှိပါတယ်။

နောက်ပြီးတော့ မြေသြဇာကျွေးမယ်ဆိုရင်လည်း ရေကန်ကို သီးသန့်လုပ်ပြီးတော့ ရေကန်ထဲမှာ ကျွန်တော်တို့ အသုံးပြုမယ် ဓာတ်မြေသြဇာကို ဖျော်ပြီးတော့မှ ပိုက်ကနေတစ်ဆင့် ရေအစက်ချ ပြီးတော့ ဖျန်းလို့လည်း ရပါတယ်။

ပျိုးပင်ပေါက်တွေကို စိုက်ပျိုးပြီး ၂ လကနေ ၃ လခန့်အကြာမှာ အသီးကို စတင် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ အသီးကို ခူးရာမှာတော့ ဓါးပြတ်ပြတ်နဲ့ အညှာအနည်းငယ်ပါအောင် ဖြတ်ယူရ မှာလည်း   ဖြစ်ပါတယ်။ အသီးများကိုတော့ ၄၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၅၀ ဒီဂရီဖာရင်ဟိုက်အတွင်းမှာရှိတဲ့ အစိုဓာတ်ရှိတဲ့ နေရာတွေမှာ သိမ်းထားမယ်ဆိုရင်တော့ တစ်ပတ်ခန့် သိုလှောင်ထားလို့ ရရှိမှာလည်း   ဖြစ်ပါတယ်။

ကျရောက်တက်တဲ့ ရောဂါပိုးတွေကတော့ လိမ္မော်အနီရောင် ပိုးလောက်ကောင်နဲ့ ညှိုးသေရောဂါပဲ ဖြစ်ပါတယ်။ ညှိုးသေရောဂါကို ကာကွယ်နိုင်ရန်အတွက်ကတော့ သီးနှံပင်ကို သုံးနှစ်တစ်ကြိမ်   မြေကွက်ပြောင်းပြီး စိုက်ပျိုးရမှာပဲ ဖြစ်ပါတယ်။ အာလူး၊ ခရမ်းချဉ် စတဲ့ မိသားစုတွေ စိုက်ပျိုးတဲ့ သီးနှံမြေမှာဆိုရင်တော့ ခရမ်းပင်ကို မစိုက်ပျိုးသင့်ပါဘူးခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required