ကြောက်

Freedom From Fear (အကြောက်တရားမှလွတ်မြောက်ရေး) ဆိုတဲ့စာအုပ် (ဘာသာပြန်)ကို မောင်မှန် ဖတ်ပြီးခဲ့တာလည်း ကြာပါပေါ့။ ဖတ်ပြီးစ ကာလလောက်မှာတော့ ဘာကိုမှ ငါမကြောက်လို့ မောင်မှန် ကိုယ့်ကိုယ်ကို အထင်ရောက်သွားတယ်။ သရဲကြောက်တတ်တဲ့ ကလေးတစ်ယောက် သရဲဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထားတဲ့စာအုပ်ဖတ်မိပြီး အော် ဒီလိုဆိုရင်ဖြင့် ဘာကြောက်စရာလိုသလဲ၊ သရဲ ငါမကြောက်တော့ဘူးလို့ အထင်ရောက်သွားသလိုမျိုးပေါ့ခင်ဗျာ။

နည်းနည်းကြာတော့ ကလေးလည်း သရဲပြန်ကြောက်သလို မောင်မှန်လည်း ပြန်ကြောက်တော့တာပါပဲ။ ဒီမှာနည်းနည်းကွာတာက ကလေးကြောက်တာ သရဲ၊ ခေါင်းစဉ်ရှိတယ်။   မောင်မှန်ကြောက်တာ   ခေါင်းစဉ်မရှိဘူး။ ဘာကိုမှန်းမသိ ကြောက်နေတာ။ တွေးတွေးပြီးကြောက်နေတာ။ စဉ်းစားကြည့်လေ။  ဒီနေ့လို ခေတ်မျိုးကြီးထဲမှာ ဘာကိုကြောက်နေစရာလိုသလဲ။ မောင်မှန်ဟာ ခိုး၊ ဆိုး၊ နှိုက်လည်းမဟုတ်၊ အကြမ်းဖက်သမားလည်း မဟုတ်၊ ဒါပေမယ့် ရဲကိုကိုတွေမြင်ရင် ကြောက်နေသေးတာပဲ။ ကိုယ်က မဟုတ်တာလုပ်တာ ဘာမှလုပ်မထားဘဲ ( တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတောင် မလောင်းဘဲ၊ ဇယ်ခုံ၊ ဒိုးဇက် စတာတွေတောင် မဆော့ဘဲ) ရဲမြင်ရင် ဘာလို့သွေးပျက်နေရသလဲဆိုတာ မောင်မှန် စဉ်းစားမရဘူး။

ဒီလိုနဲ့မောင်မှန် ဆောင်းပါးတစ်ပုဒ် အင်တာနက်မှာ သွားဖတ်မိပါတယ်။ စာရေးသူက ကွယ်လွန်သွားရှာပါပြီ။ ဆောင်းပါးခေါင်းစဉ်က အညွန်းချိုး မခံရစေနဲ့ တဲ့။ ဆောင်ပါးရှင်ဆရာကြီးက သူ့ဘဝအတွေ့အကြုံကို ပြန်ရေးပြတာပါ။ သူငယ်ငယ်က အင်္ဂလိပ်ခေတ်ဆိုတော့ ကုလားစစ်ဗါရီတွေကို ဘယ်လိုကြောက်ခဲ့ရတဲ့ အကြောင်းပါ။ ကလေးဘ၀ လမ်းပေါ်ကစားကြရင်း   ငွေတိုက်လှည်းအစောင့်အဖြစ် လိုက်ပါလာတဲ့ ကုလားစစ်ဗါရီတွေကို မြင်လိုက်တာနဲ့(သူတို့) ကလေးတွေဟာ ကြောက်ပြီး အိမ်ထဲအတင်းဝင်ပြေးကြတော့တာပဲတဲ့။ လူကြီးတွေ ချောက်ထားတာလည်း ပါတာပေါ့လေ။ အဲဒါ နိစ္စဓူ၀ ဖြစ်နေတာတဲ့။ ဂျပန်ခေတ်ရောက်တော့လည်း ဂျပန်စစ်ပုလိပ်ကို ကြောက်ရတာပဲတဲ့။ နောက်တော့ ဆက်ရေးတာတွေ ရှိပါတယ်။ ဒါပေမယ့် စာရှည်မှာစိုးလို့ မလွတ်မကင်းတွေဖြစ်မှာစိုးလို့ နောက်တစ်နည်းပြောရရင် ကြောက်လို့ မဖေါ်ပြတော့ပါဘူး။

အဲဒီစာရေးဆရာကြီးရဲ့ နိဂုံကမ္ပတ်ကောက်ချက်ကိုတော့ မောင်မှန်ဖေါ်ပြဝံ့ပါတယ်။ လူဆိုတာ သေမှာကြောက်တတ်ကြတာပေါ့တဲ့။ ဒါပေမယ့် အရေးကြုံလာတဲ့အခါ အသက်စွန့်တိုက်တန်လည်း တိုက်ရမှာပါပဲတဲ့။ အင်္ဂလိပ်ကိုကြောက်ခဲ့သော်လည်း အချိန်တန်တော့ ပြန်တွယ်ခဲ့တာပါပဲတဲ့။ ဂျပန်ကိုလည်း ဒီသဘောပါပဲ။ ဒါ အညွန့်မကျိုးခဲ့ကြလို့ပါတဲ့ခင်ဗျာ.

ဆရာကြီးကောက်ချက်ကို မောင်မှန် လွှတ်သဘောကျပါတယ်။ မကြောက်တရားကို အားပေးထားတာပဲ။ အမျှော်အမြင်ရှိရှိ တွေးခေါ်ပြထားတာပဲ။ ဒါပေမယ့် အဲဒါဖတ်ပြီးလည်း   မောင်မှန်ကြောက်တာပဲ။   မောင်မှန် အညွန့်ကျိုးနေပြီလား မသိပါဘူး။ အံမယ် အညွန့်ကျိုးတယ်ဆိုတာ နာမည်သာဆိုးတာ အတော် လူသက်သာတဲ့ကိစ္စပဲ။ ကြောက်တော့ အညွန့်ကျိုး၊ အညွန့်ကျိုးတော့ မလုပ်၊ မရှုပ်၊ မပြုတ် နေရော။ အဲသလိုနေတော့ လူသက်သာတာပေါ့နော ဟုတ်ဘူးလား။ ဒီလိုတော့ ရှိတာပေါ့လေ။ မောင်မှန်လိုသာ တတိုင်းပြည်လုံး တွေးခဲ့ကြမယ်ဆိုရင်တော့ လွတ်လပ်ရေးနေ့တို့ အမျိုးသားအောင်ပွဲနေ့တို့ စတာတွေ ပေါ်လာမှာမဟုတ်ဘူးပေါ့။ ဗမာတွေအဖို့ တစ်နှစ်လုံးမှာ ရုံးပိတ်ရက် နှစ်ရက်လောက် လျှော့သွားနိုင်တာပေါ့။ အဲ, ဒီလောက်တွင် ဘယ်ကမလဲ။ တော်လှန်ရေးနေ့ဆိုတာလည်း မရှိတော့ဘူး။ ပြည်ထောင်စုနေ့ဆိုတာလည်း မရှိတော့ဘူး။ စဥ်းစားကြည့်လေ။ တော်လှန်ရေးမရှိဘဲ ပြည်ထောင်စု မရှိနိုင်ဘူး။ အတိတ်တုန်းက ပြောတာနော်။ အတိတ်တုန်းက ဂျပန်နဲ့အင်္ဂလိပ်ကို မတော်လှန် မဖယ်ရှားဘဲ၊ ပင်လုံစာချုပ် ဘယ်လိုချုပ်လို့ရမှာလဲ။ ပင်လုံစာချုပ် ချုပ်မရရင် ပြည်ထောင်စုဆိုတာ ဘယ်ရှိမှာတုန်း။ ဟုတ်ဖူးလား။ မဟာသြင်္ကန် နှစ်သစ်ကူး ရုံးပိတ်ရက် ၁၀ ရက်လည်း မရှိနိုင်တော့ဘူး။ အင်္ဂလိပ်တွေက ဗမာနှစ်ကူးကို ဘယ်ရုံးပိတ်ပေးလိမ့်မလဲ။ ဒါပေမယ့် ဒီဇင်ဘာဟောလီးဒေးဆိုတာကြီး အစားပြန်ရနိုင်တယ်။ ခရစ်စမတ်နေ့ကလည်း ရှိနေအုန်းမယ်။ ( ဒါတော့ ဘဲစားဘဲချေလောက်ပဲ ထင်တယ်။ )

တောင်သူလယ်သမားနေ့လည်း မရှိတော့ဘူး။ ဒီနေ့က ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာလွှဲပြောင်းရယူတဲ့နေ့ကို အစွဲပြုပြီး ခေါ်ဝေါ်သတ်မှတ်ထားတာလေ။ တော်လှန်ရေးမရှိတဲ့နောက် ဘာမှမရှိနိုင်တော့ဘူးလေ။ အာဏာလွှဲပြောင်း ရယူတာတွေဘာတွေလည်း ဘယ်ရှိပါတော့မလဲ။ သီတင်းကျွတ်လပြည့်တို့ ကဆုန်လပြည့်တို့ကတော့ အပိုင်မပြောနိုင်ဘူး။ အင်္ဂလိပ်မင်းများက ဒီမိုကရေစီလို့ ကြွေးကြော်လေတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တွေဘာတွေတော့ ကျင်းပခွင့်ရမယ်မထင်ဘူး။ သူ့အတိုင်းပဲ ရုံးပိတ်ရက်အဖြစ် ဆက်ရှိနေနိုင်တယ်။ အဲ ပါတော်မူနေ့တွေဘာတွေတော့ ကျင်းပခွင့်ရမယ်မထင်ဘူး။ ပြဿနာတော့ သိတ်မရှိပါဘူးလေ။ ပါတော်မူနေ့က အခုလည်း ရုံးပိတ်ရက်မှ မဟုတ်တာ။

အရေးကြီးတာတစ်ခု မောင်မှန် ကျန်နေတယ်ခင်ဗျ။ အာဇာနည်နေ့၊ အာဇာနည်နေ့။ အဲဒီနေ့လည်း မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလည်း မရှိတော့ဘူး။ ဦးဘဝင်းလည်း မရှိတော့ဘူး။ သခင်မြလည်း မရှိတော့ဘူး။ ဦးရာဇတ်လည်း မရှိတော့ဘူး။ ဘာဆို ဘာမှ မရှိတော့ဘူး။ သူတို့တတွေ မသေတော့ဘူး။ လုပ်ကြံသတ်ဖြတ်မှုကြောင့်တော့ မသေရတော့ဘူး။ သက်တမ်းစေ့နေသွားကြရမှာ။ သူတို့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် သူတို့ရဲ့ မကြောက်တရားကြောင့် သူတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစောရဲ့ လုပ်ကြံမှုကို ခံကြရတာလေ။ သူတို့တတွေ ကြောက်နေ အညွန့်ကျိုးနေလို့ကတော့ ဘယ်သူက လာသတ်စရာ လိုပါ့မလဲ။ မကြောက်လို့ သေတာပေါ့။ ဟုတ်ဘူးလား။ ကြောက်တတ်ရင် နှစ်ခါသေရတယ်ဆိုတာ အလကားပြောတာ။ တကယ်မမှတ်ကြနဲ့။ ကြောက်တတ်ရင် ဝန်ကင်းဆိုတဲ့စကား ဘယ်နားသွားထားရမလဲ။ ရုံးပိတ်ရက်တွေ ဆုံးရှုံးတဲ့အထဲမှာ အာဇာနည်နေ့ကို ဆုံးရှုံးရတာတော့ မောင်မှန် ဝမ်းအသာဆုံးပဲ။ ဗိုလ်ချုပ်တို့ မသေတော့လို့လေ။ ဒါပေမယ့် ဦးထိန်လင်းဆိုတဲ့အဖိုးကြီးကကျ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်တော့ပြန်ဘူးလေ။ မောင်မှန် ချာချာလည်နေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် မောင်မှန်ကတော့ ကြောက်ကောင်းကောင်းနဲ့ ကြောက်နေတော့တာပါပဲ။ အရမ်းကြောက် အကုန်ကြောက် ၊ ဘာမှမသိတာကို ကြောက်၊ ယုတ်စွအဆုံး အယ်ဒီတာတွေကိုတောင်မှ ကြောက်နေမိပါတော့တယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required