မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်

မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည်
(ဓာတ်ပုံ - MFF)

မြန်မာနိုင်ငံရဲ့ တတိယမြောက် ဘောလုံး အကယ်ဒမီအဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးရှိ MFF ရုံးချုပ်အနီးမှာ တည်ဆောက်နေတဲ့ အလျား ၂၄၇ ပေ၊ အနံ ၄၉ ပေ ရှိသည့် ၂ ထပ်ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်) အဆောက်အဦကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ပန္နက်ချခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီ ကျောင်းသားများ လေ့ကျင့်သင်ကြားရန် မြက်ခင်းတုကွင်း ၂ ကွင်းလည်းရှိပြီး သင်တန်းခန်းမ၊ အစည်းအဝေး ခန်းမ၊ အဝတ်လဲခန်း၊ ရေချိုးသန့်စင်ခန်း စတာတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၇၈၄၇၉၄.၀၀ ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ FAP မှ ဒေါ်လာ ၂၈၄၇၉၄.၀၀၊ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ မြက်ခင်းတု လေ့ကျင့်ရေး ကွင်း (၂) ကွင်းအတွက် လှူဒါန်းငွေ ဒေါ်လာ ၁၅၀၀၀၀၀.၀၀ နှင့် အဆောက်အဦအတွင်းပိုင်း ပြင်ဆင်ဖြည့်ဆည်းမှုများအတွက် ဒေါ်လာ ၅၀၀၀၀၀.၀၀၊ စုစုပေါင်း ဒေါ်လာ (၂)သန်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly