ချင်းတွင်းမြစ်အတွင်း တိုက်မိခဲ့သော ရေယာဉ်နှစ်စီးအား ပြေးဆွဲခွင့် ၆ လ ပိတ်

ချင်းတွင်းမြစ်အတွင်း တိုက်မိခဲ့သော ရေယာဉ်နှစ်စီးအား ပြေးဆွဲခွင့် ၆ လ ပိတ်
ဓာတ်ပုံ-ရွှေစွန်ညို

မုံရွာ၊ ဇန်နဝါရီ ၁၂ ။         ။ ယခုလ( ဇန်နဝါရီ) ၅ ရက်ညက ချင်းတွင်းမြစ်အတွင်း တိုက်မိခဲ့သော ရေယာဉ်နှစ်စီးအား ပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအထက် ၁ မိုင်ခန့်အကွာတွင် ဇန်နဝါရီ ၅ ရက် ၊ ည ၈ နာရီခန့်က ကုန်တင်ရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်တို့ တိုက်မိခဲ့ကြပြီး ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြာင်း သိရသည်။

"တိုင်းအစိုးရရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရလို့ သိရပါတယ်။ ရေယာဉ်ပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းခဲ့တာပါ"ဟု ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီမှ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၇) အရ ရေယာဉ်ပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်အဖွဲ့ မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းမှ မုံရွာသို့ စုန်လာသော စိုးသူရအောင်ခရီးသည်တင်အမြန်ရေယာဉ် နှင့် မုံရွာမှ ဆန်တက်လာသော ဂျိုးဝါ ကုန်တင်အမြန်ရေယာဉ်တို့သည် ဇန်နဝါရီ ၅ ရက်က တိုက်မိခဲ့ကြပြီး ခရီးသည် ၂ ဦး သာ ဒဏ်ရာရရှိခဲ့သည်။

ခရီးသည်တင် အမြန်ရေယာဉ်ပေါ်တွင် ခရီးသည် ၄၀ ကျော်လိုက်ပါလာပြီး ကုန်တင် အမြန်ရေယာဉ်ပေါ်တွင် ဒီဇယ်ပေပါ ၄၀၀ ခန့်ကို တင်ဆောင်လာကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly