အကျဉ်းစခန်းတွေ ပိတ်သိမ်းသင့်တယ်

အကျဉ်းစခန်းတွေ ပိတ်သိမ်းသင့်တယ်

ဗြိတိသျှကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တွင် အကျဉ်း ထောင်စနစ်သည် လူ့အဖွဲ့အစည်း၏ လုံခြုံရေးကိုအတွက်သာ အဓိကထားအသုံးပြုခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်သူများက အကျဉ်းသားများအား “ပြစ်မှှုကြွေး ချွေးဖြင့်ဆပ်” ရမည်ဟူသော ဆောင်ပုဒ်ကိုတီထွင်ကာ နိုင်ငံတော်စီမံကိန်းများတွင် စတင် သုံးစွဲခဲ့ သည်။

  ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ စစ်ဗိုလ်ချုပ်ကြီးများက အကျဉ်းသားများသည် နိုင်ငံတော် စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်သည်နှင့်မလုံလောက်ဘဲ၊ အကျဉ်းသားများကို စစ်ပေါ်တာများ အဖြစ်လည်းကောင်း ရှေ့တန်းစစ်မြေပြင်များတွင် သုံးစွဲခဲ့ပြီး၊ အကျဉ်းထောင်စနစ်တစ်ခုလုံးကိုလည်း အကျဉ်းသားများ၏ လုပ်အားဖြင့် ရရှိလာသော ဝင်ငွေများနှင့်ပင် လည်ပတ်စေရန်စီမံခဲ့သည်။

အစာရေစာမလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှှု ချို့တဲ့ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများကြောင့် စစ်အာဏာရှင်ခေတ်က အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသား ထောင်သောင်းချီ သေဆုံးခဲ့သည်။

  လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကာလအတွင်း အကျဉ်းစခန်းများတွင် သေဆုံးနှှုန်း လျော့ကျလာသော် လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှှုများသည် သမ္မတဟောင်းဦးသိန်းစိန် လက်ထက် တွင် လည်းကောင်း၊ လက်ရှိ သမ္မတသစ် ဦးထင်ကျော်လက်ထက်တွင်လည်းကောင်း ဆက်လက်ရှိ နေသည်။

   ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ပြည်ထဲရေးဝန်ကြီးကိုခန့်အပ်ခြင်းဖြစ်ပြီး၊ အကျဉ်းဦးစီးဌာနမှာ ပြည်ထဲဝန်ကြီးဌာန၏ ကွပ်ကဲအောက်မှှုတွင်ရောက်ရှိနေသောကြောင့် အရပ် သားအစိုးရ၏ ထိန်းချုပ်မှှုအောက်တွင် ကင်းလွတ်နေသည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားသော အကျဉ်းသားလုပ်အားကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် မဆက်စပ်စေရဟူ သော အချက်များကို ချိုးဖောက်၍ အကျဉ်းစခန်းများတွင် ပြင်ပလုပ်ငန်းရှင်များသို့ ကျောက်ထုတ် ရောင်းချမှှုများ နှင့် အချို့သော အကျဉ်းစခန်းများတွင် အကျဉ်းသားကိုကျွန်ကဲ့သို့ လုပ်အားရောင်းချမှှု များဖြစ်ပေါ်နေသော်လည်း ထိုစခန်းများသည် အကျဉ်းသားများအား စာရိတ္တကောင်းမွန်စေရန်နှင့် အသက်မွေးဝမ်းကြောင်းပညာများသင်ယူစေရန်ဖွင့်လှစ်ထားခြင်းဖြစ်သော အကျဉ်းစခန်းများအား ပိတ်သိမ်းရန်အစီအစဉ်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂ဝ၁၆၊ ဒီဇင် ဘာလ လွှတ်တော် အစည်းအဝေးတစ်ခုတွင်ပြောဆိုခဲ့သည်။

  ၂ဝဝ၂ ခုနှစ်ထိ အကျဉ်းဦးစီးဌာနတွင် အနှစ် ၂ဝ ကျော် ထောင်မှှုးကြီးအဖြစ်လုပ်ကိုင်ခဲ့သော ဦးခင်မောင်မြင့်ကို အကျဉ်းစခန်းများ၏သမိုင်းကြောင်း၊ ထိုစခန်းများဆက်လက်ပြီးရှိသင့်မရှိသင့် စသည့် အကြောင်းအရာများကိုမေးမြန်းထားပါသည်။ ဦးခင်မောင်မြင့်သည် ဇေယျမင်းရှင် ကလောင် အမည်ဖြင့် အကျဉ်းထောင်လောကနှင့်ဆက်စပ်သော ဝတ္တု၊ ဆောင်းပါးများကို ရေးသားနေပြီး၊ ဥပဒေအကြံပေးဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

   မေး။   ။ အကျဉ်းစခန်းတွေ ရဲဘက်စခန်းတွေရဲ့ သမိုင်းကြောင်းကို အနည်းငယ် ရှင်းပြပေးနိုင်မလား။

   ဖြေ။   ။ကျွန်တော်တို့က ဗြိတိသျှ တရားစီရင်ရေးစနစ်ကို ယူထားတာ၊ဗြိတိသျှ အကျဉ်းထောင်စ နစ်မှာလည်း (အလုပ်စခန်းဆိုတာ) မရှိဘူး။ နောက်ပိုင်း ၁၉၆၂ ခုနစ်လောက်ကျတော့ မုံရွာ၊ ပုလဲ - ဂန့်ဂေါလမ်း စဖွင့်တယ်။ အဲဒီမှာ လမ်းဖောက်လုပ်ရေး လုပ်တယ်။ အဲဒီအတွက် ကျောက်မိုင်းတွေ လုပ်တယ်။ အဲဒါတွေ လုပ်ပြီးတော့မှ “ပြစ်မှုကြွေး ချွေးပြန်ဆပ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကြီးကို တီထွင် ပြီးတော့ အကျဉ်းသားတွေရဲ့ လုပ်အားကို သူ့ရဲ့ ပြစ်ဒဏ်အတွက် ပေးဆပ်စရာတစ်ခု အနေနဲ့ အတွေး အခေါ်တွေက ပြောင်းလာတာကိုး။

  အဲဒီတော့ ဒီအကျဉ်းသားတစ်ယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အ သိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တစ်ခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ် ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင် အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ် ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်။

အဲဒီကနေ စလိုက်တာ နောက်ပိုင်းမှာ ကျောက်ထုတ် လုပ်ငန်းတွေ ပေါ်လာတယ်။ ၁၉၇၅ မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းဆိုပြီး လုပ်လိုက်တော့ အလုပ်စခန်း(၁ဝ)ခုလောက် နဲ့ အကျဉ်းသား သောင်းချီ ထုတ်ပြီး သုံးတာပေါ့။

၁၉၇၈ ရောက်တဲ့အခါမှာ အကျဉ်းသားများ လုပ်အားအပြင် ကုန်ထုတ်လုပ်ရေးအဖွဲ့ ဆိုပြီး တော့ စီမံကိန်းလုပ်ငန်းကြီး တစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်ပြီးတော့ တစ်ပြည်လုံးမှာ အကျဉ်းထောင် တွေအပြင် အလုပ်စခန်းပါ ဖွဲ့လိုက်တာပေါ့။ အဲဒီတော့ အလုပ်သမားလိုနေတဲ့နေရာ လုပ်ကိုင်ဆောင် ရွက်ရန် ခက်ခဲတဲ့ နေရာ၊ စွန့်စားရမယ့် နေရာ၊ ရာသီဥတု ပြင်းထန်တဲ့နေရာ၊ သာမန်ပြည်သူလူထုက မလုပ်ချင်တဲ့ နေရာတွေဆိုရင် အကျဉ်းသားတွေကို စီမံကိန်းတစ်ရပ်အနေနဲ့ စခန်းတွေ ဖွင့်ပြီး သွားခိုင်း တယ်။

   မေး။   ။ အဲဒီ ရန်ကုန်-မန္တလေးလမ်းစီမံကိန်းမှာ အကျဉ်းသားအများအပြား ထိခိုက်သေဆုံးရတာ တွေ ကြားဖူးပါတယ်။ ဒါတွေကော အမှန်တကယ် ဘယ်လောက် အတိုင်းအတာထိ ဖြစ်ခဲ့သလဲ။

 ဖြေ။   ။အကျဉ်းသားဆိုတာက ပြစ်ဒဏ်အပေးခံရသူ ဖြစ်တဲ့အတွက် ခိုင်းတာ လုပ်ရတဲ့အတွက် ထိခိုက်တာတွေ အများကြီး ရှိခဲ့တာပေါ့။ မူလဥပဒေရှိခဲ့စဉ်တုန်းက အကျဉ်းသားသည် အကျဉ်းထောင် တွေမှာ ထွက်ပြီး လုပ်ဖို့ ပါသလားဆိုရင် မပါခဲ့ဘူး။ ဒီ့နောက်ပိုင်းမှာကျတော့ တာဝန်ယူထားတဲ့ အစိုးရ အဆက်ဆက်ရဲ့ လိုအပ်ချက်အရ အလုပ်သမားဆိုတာကို ချဲ့ယူလိုက်ပြီးတော့မှ အကျဉ်းသားသည် သူ့ပြစ်ဒဏ်အပြင်ကို လုပ်အားနဲ့ပါ ပေးဆပ်ရမယ် ဆိုတဲ့ အတွေးအမြင်တွေပါ ပြောင်းသွားတော့ အလုပ်စခန်းတွေ အများကြီး ဖွင့်လိုက်တဲ့ အခါမှာ မူလ ဥပဒေနဲ့တော့ အနည်းငယ် လွဲချော်သွားတာ ပေါ့။

  လွဲချော်သွားတဲ့အပြင် ဆက်တိုက်ဖြစ်လာတာက ရာသီဥတု ပြင်းထန်တဲ့နေရာတွေ၊ သွားလာမှု ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေ၊ ရောဂါဘယ ထူပြောတဲ့နေရာတွေမှာ သွားလုပ်ရတော့၊ ဒီဘက် မှာ စားသောက်ရေး ကတော့ တက်မလာဘူး။ စားဝတ်နေရေးပေါ့။ ဝတ်ဆင်ရေးအပိုင်းမှာလည်း မလုပ်ပေးနိုင်ဘူး။ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လုပ်အားကိုသာ ချဲ့ယူလိုက်တာ။ ပေးတဲ့ အခွင့်အရေးကြတော့ ဥပဒေထဲက အတိုင်းပဲ ပေးနေတာ။

 အင်္ဂလိပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းပဲ ဆိုတော့ အဝတ်အစားကလည်း တိုးတက်မလာဘူး။ အစားအသောက် ကလည်း မတိုးတက်လာဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေကလည်း မတိုးတက် လာဘူး။ တစ်ဖက်မှာက ပေးရမယ့် အခွင့်အရေးတွေနဲ့ အညီသတ်မှတ်ထားတယ်။ လုပ်အားကျတော့ ဥပဒေနဲ့ မညီ ယူလိုက်တဲ့ အခါကျတော့ ကာလကြာရှည်လာတော့ အလုပ်ကြောင့် ဖြစ်တဲ့ ထိခိုက်နစ် နာမှု တွေ ဥပမာ - ဖျားတာတွေ၊ ဖျားပြီးတော့မှ သေဆုံးတာတွေ၊ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံးတာတွေ၊ အများဆုံးကတော့ ကာလရှည်လုပ်အားကို ထုတ်ယူသုံးလိုက်တဲ့ အတွက် သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန်တွေ လျော့ကျသွားတယ်။ ခန္ဓာကိုယ် ရှိရမဲ့ အညွှန်းကိန်းတွေက တအားကျသွား တယ်။ ကျတဲ့အခါ အသေ အပျောက်တွေ များတာပေါ့။

 အကျဉ်းသားသည် သူ့ပြစ်ဒဏ်ကြောင့် သတ်မှတ်ထားတဲ့ ကာလလေး တစ်ရပ်မှာ လူ့အသိုင်း အဝိုင်းကနေ အကျဉ်းထောင်အတွင်း ဝင်ရတဲ့အပြင် သူ့အသက်ကိုပါ ဘယ်သူကမှ အာမ မခံနိုင်ဘဲနဲ့ သေဆုံးသွားရတဲ့ သဘောမျိုး ဖြစ်သွားတော့ ။ အလုပ်စခန်းတွေသည် ဥပဒေရဲ့ အနှစ်သာရနဲ့ ပြောရင် လုံးဝကို လွဲချော် နေတာပေါ့။

ဒါက လူ့အဖွဲ့အစည်းဘက်ကနေ ကြည့်ရင် ဟုတ်သလိုလိုနဲ့ အကျဉ်းခံနေရတဲ့ အကျဉ်းသား တွေဘက်ကနေ ကြည့်ရင်တော့ ဥပဒေက ပေးတဲ့ ပြစ်ဒဏ်အပြင် အစိုးရ အဆက်ဆက်က သူတို့ဘာ သာ လိုသလို ဆွဲယူထားတဲ့ ပြစ်ဒဏ်တွေကိုပါ ထပ်ပေါင်းပြီးတော့ ခံစားနေကြရတာပါ။

  မေး။   ။ ပြစ်မှှုကျွေးကိုချွေးဖြင့်ဆပ်ရမယ်၊ နိုင်ငံတော်စီမံကိန်းတွေမှာ သေသေကြေကြေ လုပ်ကိုင် ကြရမယ် ဆိုတဲ့သဘောကိုရော ဘယ်လိုမြင်ပါသလဲ။

   ဖြေ။  ။ ကျွန်တော့် တစ်ဦးတည်း အမြင်အရ ပြောရင်တော့ အကျဉ်းသားဆိုတာသည် သူ့ပြစ် ဒဏ်အတွက် သင့်လျော်တဲ့ ကာလတစ်ရပ်အတွက် ဥပဒေက အပြစ်ပေးခြင်းကိုပဲ လိုအပ်တာပေါ့ဗျာ။

တိုင်းပြည်ဖွံ့ဖြိုးု တိုးတက်ဖို့တို့၊ အစိုးရ စီမံကိန်းတွေ အောင်မြင်ဖို့အတွက်ကတော့ သူ့မှာ တာဝန် မရှိဘူးလို့ ကျွန်တော်တော့ ဒီလိုပဲ မြင်တယ်လေ။ အခုသူတို့ သုံးနှုန်းနေတဲ့ သြဝါဒတွေ ရှိပါတယ်။ ပြစ်မှုကြေး ချွေးပြန်ဆပ် မည် ဆိုတော့ ဥပဒေအနေနဲ့ မြင်တဲ့အခါကျတော့ အကျဉ်းထောင် စနစ်တစ် ခုရဲ့ ရည်ရွယ်ချက်ဆိုတာသည် လူ့အဖွဲ့အစည်းကို ရာဇဝတ်မှုတွေ၊ ဒုစရိုက်ကျူးလွန်သူတွေ ရန်က အကာအကွယ်ပေးဖို့သာ အကျဉ်းထောင် စနစ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။

 အကျဉ်းထောင်စနစ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပြီးတော့ ဒီအကျဉ်းသားတွေ အပြင် ထုတ်ပြီးတော့ သူတို့ လုပ်အားကို ညှစ်ထုတ် ယူဖို့တော့ မလိုအပ်ဘူးပေါ့။ဥပဒေက ပေးတဲ့ ပြစ်ဒဏ် ဖြစ်တယ်၊ ကာလအကန့်အသတ် တစ်ရပ်အထိ သူ့မိသားစု၊ သူ့လူ့အသိုင်းအဝိုင်းကနေ ဖယ်ပြီး နေလိုက်ရတဲ့ ပြစ်ဒဏ်ရတဲ့ အပြင် မလိုအပ်ဘဲနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ စီမံကိန်းတို့ ဆိုတဲ့ အကြောင်းပြချက်ကြီးတွေ အောက်မှာ သူတို့ရဲ့ လုပ်အားတွေက အကာအကွယ်မဲ့စွာ ညှစ်ထုတ် ခြင်း ခံနေရတယ်။

   အဲဒီထက် ပိုဆိုးတာက ဒီလို ညှစ်ထုတ် ယူထားတဲ့ အပြင် သူတို့ကို အလုပ်စခန်းတွေ ထုတ်သုံးတဲ့အခါမှာ လုံခြုံရေးအရဆိုပြီးတော့ ခြေချင်းခတ်သုံးတာပေါ့။ ခြေချင်းခတ်သုံးတယ်ဆိုတာ အကျဉ်းထောင်ဥပဒေအရ ပြောရင် သူ့ကို တရားရုံးတစ်ရုံးကို ထုတ်ယူပြီးတော့ သုံးတဲ့အခါ ဖြစ်စေ တစ်နေရာကနေ တစ်နေရာကို ရွေ့ပြောင်းတဲ့ အခါ ဖြစ်စေ၊ ဒီလောက်ပဲ ခြေချင်းက သုံးရမှာ။

အလုပ်စခန်းမှာလည်း သူ့လုပ်အားကို ပေးလိုက်ရသေးတယ်။ လုံခြုံရေးအတွက်ပါ မလိုအပ်ဘဲနဲ့ ခြေချင်း အခတ်ခံရသေးတယ်။ သူ့လုံခြုံရေးသူ ပြန်ယူလိုက်သလို ဖြစ်တော့ နောက်ဆက်တွဲအနေနဲ့ ခြေချင်းကြောင့် ဖြစ်တဲ့ ရောဂါတွေ၊ အထူးသဖြင့် မျက်စိမှုန်တာတို့၊ ကြက်မျက်သင့်ရောဂါတွေ ဖြစ်တယ်။ အဲဒီကနေမှ အနာတွေ ဖြစ်တယ်။ အကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်တယ်။

 ဒီအကျဉ်းသားတစ်ယောက်က အကျဉ်းထောင်ကနေ ထွက်သွားပြီးပြီ။ သူ့ပြစ်ဒဏ်ကုန်ပြီဆို တာနဲ့ အဲဒီကရသွားတဲ့ အကျိုး သက်ရောက်မှုတွေက မပြီးဘူး။ တစ်ချို့ဆို တစ်သက်လုံး မျက်စိ မှုန်သွားတာတွေ ရှိတယ်။ တစ်သက်လုံး အကြော သေသွားတာတွေ ရှိတယ်။ အဲဒီတော့ ဒီအလုပ်စ ခန်းတွေသည် ပြစ်ဒဏ်ကျတဲ့ အကျဉ်းသားပေါ်မှာ ပြစ်ဒဏ်ကို လိုအပ်တာထက် ပိုပြီးတော့ လွန်လွန် ကဲကဲ သုံးစွဲနေတဲ့ သဘောမျိုး သွားသက်ရောက် တာပေါ့။

    မေး။။ ဆရာလည်း ရဲဘက်စခန်းတွေမှာ တာဝန်ကျခဲ့တော့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြပါဦး။

  ဖြေ။     ။ ကျွန်တော် ရဲဘော်လေးဘဝ (ကျောက်ဆည်မြို့) ကျောက်မိုင်း ဘီးလင်းပေါ့၊ ကျောက်မိုင်းလုပ်ငန်းဟာ အင်မတန်မှ ဘေးအန္တရာယ် များတဲ့ လုပ်ငန်း။ လုပ်ငန်းမှာ ကျောက်မိုင်း မိုင်းခွဲတာကြောင့်လည်း အသက်သေနိုင်တယ်၊ ကျောက်မိုင်းတွေ ပြိုကျလို့လည်း ဖြစ်နိုင်တယ်။ ကျွမ်းကျင်တဲ့ လုပ်သားတွေတောင်မှ ဘေးအန္တရာယ် ဖြစ်တဲ့နေရာမှာ အကျဉ်းသားတွေက ခြေချင်း တွေ ခတ်ပြီးတော့ သွားလုပ်ကြရတဲ့ အခါကျတော့ အသေအပျောက်နှုန်းတွေလည်း များတယ်။

အလုပ်နဲ့ ဆက်စပ်နေတဲ့ ဘေးထွက်ဆိုးကျိုး၊ ရောဂါဘယတွေက လွတ်မြောက်သွားသည်အထိ ခံစား သွားရတာတွေ ရှိတယ်။ manual (အကျဉ်းထောင် လက်စွဲ စာအုပ်) ထဲမှာ ပါတယ်။

 အကျဉ်းသားတစ်ယောက်ဟာ ဘယ်ကျောက်ဆိုရင် ဘယ်အရွယ်အစားပဲ ထုတ်ရမယ်။ သက်ဆိုင်ရာ လုပ်ငန်းတွေရဲ့ လိုအပ်ချက် ပမာဏကို ပြည့်မှီအောင် လုပ်ကြရတာ ဆိုတော့ သူ့ရဲ့ အလုပ်ချိန်က ကန့်သတ်ချက် မရှိတော့ဘူး။ အဲဒီအတွက် အကျဉ်းသားတွေက ပိုပြီးတော့ တာဝန်တွေ ဝန်ပိတာပေါ့။ ဒါ့ကြောင့် ကျောက်မိုင်း စခန်းတွေမှာ ဒုက္ခသုက္ခတွေ အများဆုံးတွေ့ရတာ။

၂ဝဝ၁ လောက် ကျွန်တော် ကလေးထောင်မှာ ဒုတိယ တာဝန်ခံ အနေနဲ့ လုပ်နေတုန်းက ဆိုရင် ကလေးကပေါ် ဒေသက BMI(ကိုယ်ခန္ဓာအလေးချိန်) နိမ့်တဲ့သူတွေကို ICRC နဲ့ ညှိနှိုင်းပြီးတော့မှ ကုသပေးဖို့ ပြန်ခေါ်လိုက်တယ်။ကလေးထောင်ကို ပြန်စုတယ်ပေါ့။ စခန်းအသီးသီးကနေ လူ (၅ဝဝ)လောက် လက်ခံရတယ်။  တစ်ယောက်မှ လမ်းလျှောက်ပြီး ဝင်မလာနိုင်ဘူး။ သုံးယောက် တစ်တွဲ၊ လေးယောက်တစ်တွဲ မှီခိုတွဲပြီးတော့ တစ်လှမ်း၊ တစ်လှမ်းကို ရွေ့ဖု့ိ၊ ကားပေါ်ကနေ အောက်ကို ရောက်ဖို့ တော်တော့်ကို ပြောမယ်ဆို ပဌာန်းရုပ်ပေါက်ပြီး လူက လူနဲ့ မတူတော့ဘူး။

 “ အရိုးစုပေါ်မှာ ရာဘာအစွပ် စွပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အသားဆိုတာ မရှိတော့ဘူး။ အဲဒီတော့ အဲဒီလူတွေက ကျွန်တော့်ဆီမှာ လက်ခံပြီးတာနဲ့ ကလေး ဆေးရုံကို တင်ရတယ်။ ကုသပေး တယ်။ အချိန်က နှောင်းနေပြီဆိုတော့ သေပျောက်နှုန်းက တအား များတယ်။ သေပျောက်နှုန်းက ကြောက်ခမန်းလိလိ များတယ်။ အနည်းဆုံး ၅ဝ% ပဲ။ ၅ဝဝဆိုရင် ၂၅ဝ ကတော့ သေတာပဲ။ လုံးဝကို ပြန်နလန် မထူနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်သွားတာကိုး။

     မေး။    ။ အကျဉ်းစခန်းတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို မြင်ပါသလဲ။

     ဖြေ။    ။လိုအပ်သည်ထက် ပိုလွန်ပြီး အလုပ်ချိန်တွေ တိုးမြင့်ပြီးတော့ခိုင်းစေတယ်။ ကျောက်တွေ ကို ပြင်ပ အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ ညှိနှိုင်းပြီး ထုတ်တယ်။ အဲဒီမှာ ကုန်ကြမ်းတွေ ပေးတယ်။ ကိုယ်ထုတ်တာတွေကို ရောင်းချတယ်။ ရောင်းချ တာတွေက အပြည့်အဝ ဌာန ရန်ပုံငွေထဲ ပြန်မဝင်ဘူး။

  ကိုယ်ကျိုး စီးပွားတွေ ဖြစ်သွားတယ်။  ပိုဆိုးသွားတာက ဝင်ငွေ ရှာမယ့် နေရာတွေကို ချထား ပေးလိုက်တဲ့ တာဝန်ခံတွေသည် အဲဒီကာလမှာ ရှိသော ညွှန်ချုပ်များရဲ့ သြဇာအာဏာသက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ မျက်နှာ တစ်ဖက်တည်းကိုပဲ ကြည့်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အခါကျတော့ ဒီလူ တွေကို ကျန်တဲ့ လူတွေကလည်း မတို့ရဲ မထိရဲ၊ ဖြစ်ပြီးတော့ နောက်ဆုံး ဒါကြီးဟာ ဘာဖြစ်သွားလဲဆို   တော့ ပုဂ္ဂလိက ဝင်ငွေရှာတဲ့ အလုပ်ကြီးတွေလို ဖြစ်သွားပြီး၊ ရိုင်းရိုင်း ပြောကြစို့၊ နောက်ဆုံးမှာ ဒီအကျဉ်းသားတွေသည် တာဝန်ရှိတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေအတွက်   ငွေရှာပေးနေ ရတဲ့ လုပ်အားစုလေး တစ်ခုလို၊ တစ်နည်းအားဖြင့် ကျေးကျွန်တွေလို ဖြစ်သွားတာပေါ့။

   တကယ့် မူလရည်ရွယ်ချက်ကြီးလည်း ပျောက်သွားတယ်။ မူလရည်ရွယ်ချက်ကြီးက သူတို့ လုပ်အားနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ အမှန်ကတော့ တိုင်းပြည်အတွက်လည်း ဒီလူတွေမှာ တာဝန် မရှိဘူး။ ဘယ်အကျဉ်းသားမှ တိုင်းပြည်အတွက် သူတို့ လုပ်အား ပေးစရာ တာဝန် ရှိကို မရှိဘူး။ ဒါ လူ့အခွင့်အရေးမှာလည်း မပါဘူး။

  ဒါ့ကြောင့် တစ်ဦးတည်း အနေနဲ့ ပြောပါဆိုရင် ဒီအလုပ်စခန်းတွေကတော့ အခုလို နိုင်ငံရေး စနစ် ပြောင်းနေတဲ့ အနေအထားမှာ ပိတ်သိမ်းဖို့ကိုပဲ ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly