အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသော အင်ဒိုနီးရှားအဖွဲ့တစ်ခုကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန် တရားဝင်သတ်မှတ်

အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသော အင်ဒိုနီးရှားအဖွဲ့တစ်ခုကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန် တရားဝင်သတ်မှတ်

ဇန်နဝါရီ ၁၁ ။              ။ အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့နှင့် ချိတ်ဆက်မှုရှိထားသော အင်ဒိုအခြေစိုက် အစွန်းရောက်အဖွဲ့အစည်းတစ်ခုကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် အမေရိကန်တို့က တရားဝင်သတ်မှတ်လိုက်သည်။

အဆိုပါ အင်ဒိုအစွန်းရောက်အဖွဲ့မှာ ယမန်နှစ်က လူသေဆုံးစေခဲ့သော ဂျာကာတာတိုက်ခိုက်မှုကိုလည်း ကျူးလွန်ထားခဲ့သည့်အဖွဲ့လည်း ဖြစ်သည်။

၂၀၀၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အင်ဒိုတွင် အခြေစိုက်သော Jamaah Ansharut Daulah (JAD) ကို အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်းနှင့်  ယင်းအဖွဲ့တွင် အိုင်အက်စ်   ထောက်ခံသူများဖြစ်သော အင်အားနှစ်ဒါဇင်ခန့်ဖြင့် ဖွဲ့စည်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အလားတူ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွင်းသို့ အိုင်အက်စ်တို့ ၀င်ရောက်ခွင့်ကို ဖြတ်တောက်ပိတ်ပင်ရန် ကြိုးပမ်းမှုအဖြစ် ယင်းအင်ဒိုအဖွဲ့မှ စစ်သွေးကြွလေးဦးအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီဖြစ်ကြောင်းလည်း အမေရိကန်က ထုတ်ပြန်ကြေညာခဲ့သည်။

JAD အဖွဲ့မှ စစ်သွေးကြွများမှာ ယမန်နှစ် ဇန်နဝါရီလက အင်ဒိုနီးရှား မြို့တော် ဂျာကာတာတွင် ပစ်ခတ်မှုများနှင့် အသေခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် အပြစ်မဲ့အရပ်သားလေးဦးအပါအဝင် တိုက်ခိုက်သူ လေးဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွက် ဆီးရီးယားမှ အိုင်အက်စ်အဖွဲ့က နောက်ကွယ်မှ ငွေကြေးပံ့ပိုးပေးခဲ့သည်ဟုလည်း သိရသည်။

ကမ္ဘာပေါ်မှာ လူဦးရေထူထပ်ပြီး မွတ်ဆလင်များပြားသော အင်ဒိုနီးရှားအနေဖြင့် အစ္စလမ္မစ် သောင်းကျန်းထကြွမှုဒဏ်နှင့် ရင်ဆိုင်နေခဲ့ရလျက်ရှိပြီး ပြီးခဲ့သည့် ၁၅ နှစ်အတွင်း တိုက်ခိုက်ခံရမှုများစွာနှင့် ရင်ဆိုင်ခံစားထားခဲ့ရသည်။

၂၀၀၂ ခုနှစ်က လူပေါင်း ၂၀၂ ဦးသေဆုံးခဲ့ရသည့် ဘာလီဗုံးခွဲ တိုက်ခိုက်မှုဖြစ်စဉ်သည် အထင်ရှားဆုံးပင်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required