ဆန်နီလုပ်တာ ဆန်အုံးတာဝန်

ဆန်နီလုပ်တာ ဆန်အုံးတာဝန်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိခဲ့တဲ့ မောင်မှန်တို့ သမ္မတကြီး ဦးသိန်းစိန်ကို NHK သတင်းဌာနက အင်တာဗျူးတာ ဖတ်လိုက်ရပါ တယ်။ ၂၀၁၅ မှာသမ္မတ ဆက်လက်အရွေးခံ၊ မခံဆိုတဲ့ မေးခွန်းကို သမ္မတကြီး ကဖြေကြားရာမှာ မိမိအနေနဲ့ ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်တဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊လက်ရှိကာလတွင် အမျိုးသားအကျိုးစီးပွားအတွက် အကောင်အထည်ဖော်နိုင်သည်များကို ပြီးပြတ်အောင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ဒုတိယသက်တမ်းနှင့်ပတ်သက်ပြီး တိုင်းပြည်အခြေအနေ၊ ပြည်သူများ၏ ဆန္ဒတို့အပေါ်မူတည်ပြီး ဆုံးဖြတ် သွားမည်ဖြစ် ကြောင်း၊ ပြည်သူများက ဆန္ဒရှိခဲ့လျှင် အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါတယ်။

ဟုတ်တာပေါ့ခင်ဗျာ၊ သမ္မတကြီးတို့ အစိုးရက ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ အစိုးရဆိုတော့ သမ္မတကြီး ရဲ့နောက်သက်တမ်း တစ်ခုအတွက်လည်း ပြည်သူကပဲ အခရာဖြစ်နေတော့မှာပေါ့။ တပ်မတော်ထဲ စဝင်ကတည်းက အမျိုးသားနိုင်ငံရေး တာဝန်တွေ ကိုတစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ဝါရင့်၊ သမ္ဘာရင့် သမ္မတကြီးလို ပုဂ္ဂိုလ်မျိုးကို ပြည်သူကလည်း သမ္မတတာဝန် ဆက်လက်ပေး အပ်ချင် စိတ်ရှိမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲလောက်ပါဘူး။ အလေးအနက်ထား စဉ်းစားပေးပါ သမ္မတကြီး ခင်ဗျာ။ (ဒီနေရာ မှာ ပြည်သူ့ဆန္ဒဆိုလို့ ပြည်သူငါးသန်းကျော်ရဲ့ လက်မှတ်တွေကိုကျ မာမာအေးရဲ့ မေ့ကွက်ကိုရှာ သီချင်းဖွင့်ပြခဲ့တယ်နော်)

သမ္မတကြီးရဲ့ အစ်ကိုကကျ သမ္မတကြီးကို သမ္မတဆက်အရွေးမခံစေချင်တော့ဘူး။ သမ္မတကြီးရဲ့ ကျန်းမာရေးကြောင့်တဲ့၊ သမ္မတ ကြီးဇာတိ ရပ်ရွာပြန်စဉ်အခါက မီဒီယာတွေ သမ္မတကြီး အစ်ကိုနဲ့ အင်တာဗျူးထားတာလည်း မောင်မှန် ဖတ်ဖူးရဲ့၊ အစောပိုင်းက တည်းက ဝင်မလိုလို၊ မဝင်တော့ဘူးလိုလို သတင်းတွေဖြစ်ပေါ်ခဲ့ပေမယ့် အခုတော့ပြည်သူ့ဆန္ဒ ကိုသာမောင်မှန် တို့စောင့်ကြည့် ရတော့မှာပေါ့ ခင်ဗျာ။

သမ္မတကြီးရဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း တရားဝင် သမ္မတလောင်း စာရင်းထွက်ပေါ် မလာသေးတော့ ကာပြည်သူ့ဆန္ဒ နဲ့ပြည်ခိုင်ဖြိုးဆန္ဒတစ်သားတည်းကျ၊ မကျ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖလန်းဖလန်းထနေအောင် ကိုမျှော်တော်ယောင် ရတော့မပေါ့။ (ပြည်သူ့ဆန္ဒလို့တော့ သူပြော၊ ကိုယ်ပြော ပြောတော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ပြည်သူ့ဆန္ဒ ဂျာနယ်တော့ မထွက် တာ အတော်ကြာသွားပါပြီ။ သူထက်ဝါရင့်တဲ့ ပြည်သူ့ဆန္ဒသွေးဆေးလည်း ရှိမှ ရှိသေးရဲ့လား မသိဘူး။)

သိပ်မကြာခင် အချိန်အတွင်းမှာလည်း ပြည်သူ့ဆန္ဒကို အမှန်အကန်ကြီး ထင်ဟပ်ကြရမယ်လို့ ပညာရှိတွေပြောပြောနေ တဲ့ရွေးကောက်ပွဲကြီးက လာတော့မှာပါ။ အကြိုမဲ စာရင်းတွေလည်း ထွက်လာနေပါပြီ။ ထွက်လာတဲ့ မဲစာရင်းတွေက မောင်မှန်တို့ ငယ်ငယ်ကပြောတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်း တွေလို မှားမှန်ရောထွေး အမှန်ရွေးရပါတယ်။ မှားရင်ပြင်ဖို့ ဖောင်တင်ရပါတယ်။

တစ်ပြည်လုံးအတိုင်း အတာနဲ့ဆိုရင် မဲစာရင်းဟာ ရာခိုင်နှုန်း ငါးဆယ်ကျော် မှားယွင်းနေကြောင်းဒေါ်အောင်ဆန်းစုကြည် ကပြော ပါတယ်။ တစ်ဝက်ကျော်မှားနေတယ်ဆိုတော့ နည်းနည်းနောနော မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေ တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှား အမှားပြင်ကြဖို့ စီစဉ်ဖန်တီး ပေးထားတာနေမှာပါ။ သို့လော သို့ လော မတွေးကြပါနဲ့။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကလည်း တော်တော်လေး ပညာပေးပါ တယ်။( မောင်မှန်တို့လို ထုံထိုင်း အ,န သူများကတော့ မခံယူတတ်လို့ သိပ်မရပါဘူး) MYNFREL ဆိုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ဒေါ်ဇင်မာဦးက “ မဲဆန္ဒရှင် မဲစာရင်းပြုစုခြင်းနဲ့ ပတ်သက်ပြီး အကုန်လုံးက တက်တက်ကြွကြွ ပါဝင်ဖို့လို့တယ်။ ဥပမာ ပါတီတွေအနေနဲ့လည်း ဒီသက်ဆိုင်ရာ နယ်တွေမှာ ဒါနဲ့ ပတ်သက်ပြီး သိပ်ပြီး လှုပ်ရှားတာလည်း မတွေ့ရဘူး။ ရွေးကောက်ပွဲနေ့ကျလို့ရှိရင် မဲလိမ်၊ မဲခိုးစတဲ့ ပြဿနာတွေက အဲဒီလိုနယ်တွေမှာ အဖြစ်များနိုင်တယ်။ ဘယ်သူမှလည်း စိတ်မဝင်စားကြဘူးဆိုတော့လေ၊ ကျွန်မတို့ မဲဆန္ဒရှင် ပညာပေးတယ် ဆိုတာကလည်း အမြဲတမ်း ပေးနိုင်တာ မဟုတ်ဘူး” လို့ ပြည်သူတွေကို သူပြောပါတယ်။

ပါတီတွေလည်း သိပ်လှုပ်ရှားတာ မတွေ့ဘူးတဲ့။ (NLD ကိုတော့ ခြွင်းချက်ပြုထားပါတယ်။ စာရှည်မှာစိုးလို့ မောင်မှန် မဖော်ပြတော့ တာပါ)ဘယ်သူမှလည်း စိတ်မဝင်စားကြဘူးတဲ့။ ပညာပေးတယ်ဆိုတာလည်း အမြဲတမ်းပေးနိုင်တာ မဟုတ်ဘူးတဲ့၊မောင်မှန်တို့လို ထုံထိုင်း အ,န သူတွေကလည်းတစ်ပြည်လုံးမှာ အများသားလေ။ ဘယ်လောက်ပဲ ပညာပေးပေး နွား ပလာတာကျွေး သလိုဖြစ်နေတော့ ပညာပေးရသူတွေက ဘယ်စိတ်ရှည်တော့မလဲ။ ဆူမိတော့တာပေါ့။ အဆူခံရတာက သိပ်အကြောင်း မဟုတ်သေးဘူး။ ရွေးကောက်ပွဲနေ့ကျလို့ အဲဒီနယ်တွေမှာ မဲလိမ်၊ မဲခိုးတွေများ ဖြစ်ခဲ့ရင် စိတ်မဝင်စားတဲ့ ပြည်သူတွေရဲ့ တာဝန်ပဲလို့ အနက်ယူလို့ရတဲ့ စကားကို ပညာပေးသူက ပြောကြားသွားတာက တကယ့်အကြောင်း ခင်ဗျ။

ဒေသအသီးသီးက ပြည်သူတွေမှာ တာဝန်ကိုယ်စီ ရှိကြသည် ဖြစ်သွားပြီ။ လိမ်တာ ခိုးတာဟာ လိမ်သူ ခိုးသူတွေရဲ့ အပြစ် မဟုတ်ဘူး။ အလိမ်ခံ၊ အခိုးခံရလောက်အောင် ညံ့ဖျင်းထုံထိုင်း အ,န သူတွေရဲ့ အပြစ်ပဲပေါ့နော်။ မောင်မှန် ရှိသမျှ ဉာဏ်အကုန် ထုတ်ပြီး စဉ်းစားတွေးခေါ်ကြည့်တော့ ဟုတ်သလိုလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောသေးတယ် “ မဲပေးဖို့ အားလုံးမှာ တာဝန်ရှိ တယ်၊ အခွင့်အရေးရှိတုန်းမှ မသုံးရင် ကိုယ်ညံ့လို့၊ တာဝန်မကျေရင်လည်း ကိုယ်ညံ့လို့၊ ဒါကြောင့် မဲပေးရမယ်” တဲ့။

ဒါ့ကြောင့် မောင်မှန်တို့ မဲပေးခွင့်ရှိသူ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ တာဝန်မဲ့သူတွေ၊ လူညံ့တွေ၊ တာဝန်မကျေသူတွေ မဖြစ် ရလေအောင် အရင်ဆုံး မဲပြင်ဖို့ လိုပါတယ်။ (တော်သေးရဲ့၊ ဖဲပြင်တာ မဟုတ်လို့) မဲပြင်ပြီးမှ အမှန်အကန် မဲထည့်လို့ ရမှာမို့လား။ ကိုယ်ညံ့ရင် ကိုယ်သာခံရမှာ ခင်ဗျ။

မကြာသေးမီက ဖတ်ရတဲ့ သတင်းတစ်ပုဒ်မှာနိုင်ငံအနှံ့ မဲဆန္ဒရှင်စာရင်းများ မှားယွင်းနေမှုကို အစိုးရသတင်းစာများနှင့် ရုပ်သံလိုင်း များတွင် ဖော်ပြခြင်း မရှိဘူးတဲ့။ မဟုတ်ပါဘူးနော်၊ (၃.၇.၁၅) နေ့ထုတ် ပြည်သူ့ဝန်ဆောင်မှု ကြေးမုံသတင်းစာကြီး မှာဆောင်းပါး ရှင်ဆရာဝေယံမောင်ရဲ့“ ပြည်သူက ရွေးတာကို လက်ခုပ်တီးကြိုဆို” ဆိုတဲ့ ဆောင်းပါး ပါလာပါတယ်။ အဲဒီဆောင်းပါးမှာ မဲစာရင်း အမှားတွေနဲ့ ပတ်သက်ပြီး “ အခြေခံမဲစာရင်းမှာ ကောက်ယူသူ၏ အမှား၊ မှတ်တမ်းတင်သူ၏ အလွဲ၊ စာရင်းဖြည့်သွင်းသူ၏ အားနည်းမှုများနှင့်အတူ အဆင့်ဆင့် မှတ်တမ်းပြုစုရာတွင်လည်း လူကြောင့် ဖြစ်စေ၊ စက်ကြောင့်ဖြစ်စေ ဖြစ်ရသော ချို့ယွင်းမှုများ မလွဲမသွေ ရှိနေမည်သာ ဖြစ်ပါသည်။

ထို့ကြောင့်လည်း အမှားကို ပြင်ဆင်နိုင်စေရန် လုံလောက်သော ပြင်ဆင်ချိန် ပေးထားပါသည်” လို့ ဖော်ပြပါရှိပါတယ်။ မှားရင်ပြင်ပေါ့၊ အချိန်လည်း ပေးထားတာပဲ၊ လူဆိုတာ အမှားဘယ်ကင်းမလဲဆိုတဲ့ သဘောပါ။ ငါးဆယ်ရာခိုင်နှုန်းကျော်မကလို့ တစ်ရာရာခိုင်နှုန်းမှားလည်း ပြင်ဖို့ အခွင့်အရေးရှိနေတာပဲလေ။ ဆရာဝေယံမောင် ပြောတာ ဟုတ်ဖူးလား။ (ဝေယံမောင်ဆိုမှ သတိရတယ်၊ တိမ်ပေါ်ခုန်တက်ပြီးမှ ကြည့်ရတဲ့ ဝေယံမဲစာရင်းတွေကိုလေ၊ စီမံထားတာ အတော် အဆင့်မြင့်ပါတယ် ခင်ဗျာ။)

ဆရာဝေယံမောင် ထပ်တင်ပြတာက “ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်က အခြေခံမဲစာရင်းကို ထုတ်ပြန်၊ မီဒီယာများ ကတွေ့ရှိရသည့် အားနည်းချက်များကို ထုတ်ဖော်၊ နိုင်ငံတော် အစိုးရက အသိပညာပေးနှိုးဆော်မှုများကို တွင်တွင်လုပ်ဆောင်နေ ကြသော်လည်း အဓိက ဇာတ်ကောင်ဖြစ်သည့် ပြည်သူများ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုမှာ ယနေ့အထိ အားနည်းနေသေး သည်ဟု ရိုးရှင်းစွာ ရှုမြင်မိပါသည်” တဲ့။

လာပါပြီခင်ဗျာ၊ အားလုံး မျှော်လင့်စောင့်စားတော်မူကြတဲ့အတိုင်း အဓိက ဇာတ်ကောင်ဟာ ပြည်သူပါတဲ့။ ပြည်သူတွေ ပူးပေါင်း ပါဝင်မှု အားနည်းနေသေးပါသတဲ့။ နောက်ပြီး ခုလို ဆက်ရေးပါ တယ်။ “ သွား သုတ်သုတ်၊ လာ သုတ်သုတ် နေ့စဉ် လူမှုစီးပွား ဘဝကြားဝယ် မဲစာရင်းတွင် ကိုယ်ပါ၊ မပါ မကြည့်နိုင်ကြသူများ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးနှင့် ရပိုင်ခွင့်ကို စိတ်ဝင်စားမှု မရှိ၍မေ့လျော့နေကြသူများ၊ နိုင်ငံအရေးကိုမိမိအရေးဟု မခံယူကြသူများ ဖြစ်နေကြပြီလား ဟူသော အတွေးနှင့် စိတ်မကောင်းဖြစ် ရပါသည်” တဲ့။

မောင်မှန် ပြောပြီး ပါပကောလား၊ မောင်မှန်တို့ဟာ ထုံထိုင်း အ, န သူတွေပါဆို၊ ကိုယ့် ထမင်းလုပ်ထဲမှာပဲ ကိုယ်နစ်မြုပ်နေပြီး မဲစာရင်းပါ၊ မပါ တောင် မကြည့်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ကိုယ်အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကိုလည်း မသိ၊ နိုင်ငံအရေး ကိုယ့်အရေးဆိုတာလည်း နားမလည်တဲ့အတွက် ဆရာဝေယံမောင်က စိတ်မကောင်းဖြစ်ရပါသတဲ့။ သူပြောတာတွေနဲ့ မောင်မှန်နဲ့ အကုန် ကိုက်ညီပါတယ်။ မောင်မှန်က ငတုံးပါ မောင်၊ အဲလေ…. ဆရာဝေယံမောင်၊ ဆရာ ပြောလို့တော့ အခု မောင်မှန်သိပါပြီ။ ဉာဏ်အလင်းပွင့်ပါပြီ။ မောင်မှန်တို့လို ငတုံးတွေကြောင့် ဆရာတို့လို ပညာရှိတွေ စိတ်မကောင်း ဖြစ်ရတာကို မောင်မှန်က တစ်ခါပြန်စိတ်မကောင်း ဖြစ်ရကြောင်းပါ။

ဆရာဝေယံမောင်က ဆောင်ပါးပါ ခေါင်းစဉ်ငယ်လေး တစ်ခုကို ကဗျာလို ရေးသားထားတာ ချစ်စရာလေး ခင်ဗျ၊ “အမှားကို မြင်၊ အမှန်ပြင်၊ ကျန်လျှင်ထောက်ပြ၊ ဖေးကူမ” တဲ့။ ခေါင်းစဉ်ငယ် အောက်မှာ ရေးထားတာက “ မိမိအမြင်အရ ယနေ့လိုကာလမျိုး သည် သူ့အပြစ်မြင်၊ ကိုယ့်အပြစ်ပြော ဖြင့် အမြင်မကြည်လင်မှုများအပေါ် အခြေခံကာ သံသယတောမှာ နစ်မွန်းနေရမည့် အချိန် မဟုတ် တော့ပါ။ သက်ဆိုင်ရာတို့၏ အခြေခံ မဲစာရင်း ထုတ်ပြန်မှုတွင် ကွဲလွဲနေမှုများ၊ ယုံမှားနေမှုများကို အချိန်မီ ပြင်ဆင်၍ အတတ်နိုင်ဆုံး မှန်ကန်တိကျသော မဲစာရင်းရရှိစေရေးအတွက် တာဝန်ရှိသူ၊ တာဝန်သိသူ၊ တာဝန်ယူလိုသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအသီးသီးတို့မှ အမျိုးသားရေး တာဝန်အဖြစ် ရေကုန်ရေခန်း ကြိုးပမ်းကြရမည့် ကာလကြီးတစ်ခုဟု ရှုမြင်မိပါသည်” တဲ့။

ဘယ်သူ့ကိုမှ အပြစ်မတင်ကြနဲ့၊ မောင်မှန်တော့ ဝိုင်းစုခိုင်သိန်းကိုပဲ ထပ်ကိုးကားရဦးတော့မှာ အပြစ်မတင်ပါဘူး၊ ချစ်ချင်တာပဲ သိတဲ့နောက်ပေါ့၊ အပြစ်တင်မိရင် မောင်မှန်တို့ ပြည်သူတွေဟာ တာဝန်မဲ့သူ၊ တာဝန်မသိသူ၊ တာဝန်မယူလိုသူတွေဖြစ် ရပါတော့ မယ်။ ဘယ်သူတွေကပဲ တာဝန်မဲ့ လုပ်လိုက် လုပ်လိုက် မောင်မှန်တို့ ပြည်သူတွေက တာဝန်မဲ့လို့ မဖြစ်ဘူးခင်ဗျ၊ တာဝန်သိရပါ မယ်။ ပြည်သူတွေ ဖြစ်နေတာကိုး၊ သမ္မတကြီးကလည်း ပြည်သူ့ဆန္ဒတဲ့၊ CSO မမကလည်း ပြည်သူတွေ စိတ်မဝင်စားကြဘူးတဲ့။

အမေစုကလည်း တာဝန်မကျေရင် ကိုယ်ညံ့လို့တဲ့၊ အခုနောက်ဆုံး ဆရာဝေယံမောင်က သံသယတောမှာ မနစ်မွန်းကြနဲ့၊ တာဝန် ယူကြတဲ့။ ယိုသမျှ ဟိုဟာ ပုစွန်ခေါင်းစု ဆိုသလို အရာရာ တာဝန်တွေဟာ မောင်မှန်တို့ ပြည်သူတွေ ခေါင်းပေါ်မှာပါကလား၊ ညီညာဖျဖျ မိဘပြည်သူများကို လွဲှချနေကြတာပါကလား၊ တရားကျမိပါတော့တယ်။

လူရွှင်တော် ဈေးသည်ကြီး (ဦး) ဆန်နီနဲ့ (ဦး) ဆန်အုံးတို့ရဲ့ နာမည်ကြီး ပြက်လုံးခွင် တစ်ခု ရှိပါတယ်။ (ဦးဆန်နီက လုပ်ချင် ရာတွေ လျှောက်လုပ်ပြီး အဆုံးမှာ စကားလေးတစ်ခွန်းနဲ့ ပြက်လုံးခွင် ကို ဖြုတ်ပါတယ်။ ဆန်နီလုပ်တာ ဆန်အုံးတာဝန် ဆိုပဲ။)
ခုလည်း မောင်မှန်တို့ ပြည်သူတွေရဲ့အပြစ်ဟာ ဆန်နီလုပ်တာ ဆန်အုံးတာဝန် ဖြစ်နေပါ ရောလား ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags