တိုင်ကြားခံရသူများအား စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အချိန်နည်း ၍ ယခုလိုအမှားမျိုးဖြစ်လာဟု ဦးဉာဏ်ဝင်းပြော

တိုင်ကြားခံရသူများအား စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အချိန်နည်း ၍ ယခုလိုအမှားမျိုးဖြစ်လာဟု ဦးဉာဏ်ဝင်းပြော

ရန်ကုန်၊ ဇန်နဝါရီ ၉ ။          ။ တိုင်ကြားခြင်းခံရသည့် တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးအနက် တစ်ဦးသည် ဂုဏ်သိက္ခာနှင့်မလျော်ညီသည့် အလုပ်မျိုးလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် NLD ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အချိန်နည်း ၍ ယခုလို အမှားမျိုးဖြစ်လာသည်ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌတို့အား အရေးယူပေးရန် တိုင်ကြားစာများ ရောက်ရှိလာမှုအပေါ် ပါတီမှ အဖွဲ့ ဖွဲ့စစ်ဆေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ   နှစ်ဦးအနက် တစ်ဦးသည် ဂုဏ်သိက္ခာနှင့်မလျော်ညီသည့် အလုပ်မျိုးလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု လေ့လာသုံးသပ်ရေး အဖွဲ့ခေါင်းဆောင်၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ယနေ့ မဇ္စျိမကို ပြောသည်။

“ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့မလျော်ညီတဲ့အလုပ် လုပ်တာ ”  ဟု ပြောဆိုခဲ့ပြီး မည်ကဲ့သို့ အရေးယူမည်ကိုတော့ ၄င်းအနေဖြင့် ပြောခွင့်မရှိဘဲ ဗဟိုမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက   ပြောသည်။

အဆိုပါ ပြောကြားမှုအပေါ် တနင်္သာရီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးက “ပြောစရာ ဘာမှမရှိပါဘူး။ ပါတီရဲ့ထုတ်ပြန်ချက်၊ ပါတီရဲ့ မူဝါဒအတိုင်း မှန်မှန်ကန်ကန်ထုတ်ပြန်လိမ့်မယ်လို့ ၊ ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာမယ်လို့ ကျွန်တော်ပြောခဲ့တာပဲ။ ဒါပဲရှိပါတယ် ” ဟု ပြောသည်။

ထို့ပြင် တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့်အတူ တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့်ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ မွန်ပြည်နယ် ၀န်ကြီးချုပ်ကလည်း သူ့ကိုစွပ်စွဲချက်တွေနဲ့ ညှိစွန်းမှုရှိတယ်။ ဘယ်လိုအရေးယူမယ် ဆိုတာကိုတော့ ကျွန်တော်တို့လည်းမဆုံးဖြတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ NLD မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်သည့်နေရာတွင် အချိန်မလုံလောက်မှုကြောင့် ကျေကျေနပ်နပ်မရွေးချယ်နိုင်ခဲ့ဘဲ ယခုလိုအမှားမျိုးဖြစ်လာသည်ဟု ဦးဉာဏ်ဝင်းက ပြောဆိုထားသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲဝင်တယ်နော်။ ၂၀၁၅ ရွေးကောက်ပွဲဝင်တည်းကိုက စီစစ်တာကိုက အစအချိန်မရဘူး။ အချိန်နည်းတဲ့အခါမှာ ကျေကျေနပ်နပ်ကြီအကုန် မစီစစ်နိုင်ဘူး။ ဒီလိုအမှားမျိုးတွေ၊ ဒီလိုလူမျိုးတွေပါလာမယ်ဆိုတာကိုလည်း မျှော်မှန်းထားပါတယ်။ အဲ့တော့ ပါလာရင်လည်း ပါလာသလို သန့်ရှင်းအောင်လုပ်ရမှာပေါ့ ” ဟု ပြောသည်။

အဆိုပါ တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ကို စစ်ဆေးထားသည့် တွေ့ရှိချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ပေးပို့ထားပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးသို့လည်း တင်ပြထားကြောင်းသိရသည်။

တိုင်စာများ မှန် ၊ မမှန် လေ့လာသုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦး ခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်ကြားစာများ ရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required