စာချုပ်သစ် မချုပ်ခင် နည်းပြအာစင်ဝင်းဂါး၏ အနာဂါတ်ကို ဦးစွာသိလိုသည်ဟု အိုဇေးလ်ပြော

စာချုပ်သစ် မချုပ်ခင် နည်းပြအာစင်ဝင်းဂါး၏ အနာဂါတ်ကို ဦးစွာသိလိုသည်ဟု အိုဇေးလ်ပြော

ဇန်နဝါရီ ၉၊ လန်ဒန်။                       ။ အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် ကာလရှည်ဆက်ကစားရန် အဆင်သင့်ဖြစ်နေသော်လည်း အသင်းတွင် နည်းပြအာစင်ဝင်းဂါး ဆက်ရှိနေမှသာ   ဖြစ်နိုင်မည်ဖြစ်သည်။

လက်ရှိစာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့သည့် ကာလအတွင်းသို့ ရောက်နေသည့် အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုများ ပြုလုပ်နေသည်။

ဂျာမန်ကွင်းလယ်ကစားကွက်ဖော်ဆောင်သူက ၎င်းအနေဖြင့် စာချုပ်သစ်မချုပ်မီ အာစင်ဝင်းဂါး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ပြောသည်။

“ကျွန်တော်အာဆင်နယ်မှာ အရမ်း၊ အရမ်းပျော်နေပြီးတော့ စာချုပ်သစ်လက်မှတ်ထိုးဖို့အတွက်လည်း အသင့်ဖြစ်နေပြီဆိုတာ အသင်းကို သိစေချင်ပါတယ်။

ပရိသတ်တွေကလည်း ကျွန်တော့်ကိုအသင်းမှာ ဆက်ရှိနေစေချင်ပြီး အခုဆိုရင် အသင်းအပေါ်မှာပဲ မူတည်ပါတော့တယ်။ ကျွန်တော်ဒီမှာရှိနေတာက အာစင်ဝင်းဂါးကြောင့်ဆိုတာ သူတို့သိပါတယ်။

သူက ကျွန်တော့်ကို စာချုပ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ကျွန်တော်ယုံကြည်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ နည်းပြဘာလုပ်မလဲလို့ ကျွန်တော်ရှင်းရှင်းလင်းလင်း သိချင်နေတာကိုလည်း အသင်းက သိပါတယ်”ဟု အိုဇေးလ်က ဂျာမန်မဂ္ဂဇင်း ကစ်ကာသို့ ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required