တိုက်ချင်းပစ်ဒုံးကျည်ကို မည်သည့်အချိန် မည်သည့်နေရာကဆို စမ်းသပ် ပစ်လွှတ်နိုင်ဟု ကင်ဂျူံးအွန်ပြော

တိုက်ချင်းပစ်ဒုံးကျည်ကို မည်သည့်အချိန် မည်သည့်နေရာကဆို စမ်းသပ် ပစ်လွှတ်နိုင်ဟု ကင်ဂျူံးအွန်ပြော

ပြံုယမ်း၊ ဇန်နဝါရီ ၉ ။                    ။ မြောက်ကိုရီးယား၏ လက်နက်အင်အားဖွံ့ဖြိုးမှုကို အပြစ်ဆိုနေသည့် အမေရိကန်ပေါ်လစီအား ဝေဖန်လျက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံးအွန်အနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်အား မည်သည့်အချိန် မည်သည့်နေရာကဆို စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် နိုင်ငံပိုင်သတင်းဌာနက ကြေညာသွားခဲ့သည်။

ဇန်နဝါရီ ၁ ရက်နေ့က ကင်ဂျူံးအွန်က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရေး အလွန်နီးစပ်ပြီဟု ပြောထားခြင်းလည်းဖြစ်သည်။

“မြောက်ကိုရီးယား နိုင်ငံတော်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ဘယ်အချိန် ဘယ်နေရာကမဆို ပစ်လွှတ်မှာဖြစ်ပါတယ်။”ဟု အမည်မဖော်သည့်   နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောခွင့်ရသူ တစ်ဦးအား ကိုးကားကာ KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစွမ်းဆောင်ရည်နှင့် ဒုံးကျည်ကာကွယ်ရေးစနစ်တွေက အမေရိကန်ကို အစဉ်တစ်စိုက် ခြိမ်းခြောက်နေကြောင်း၊ အမေရိကန်အနေဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းစပ်ပစ်လွှတ်မှုများကို ပစ်ချဖို့ ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဇန်နဝါရီ ၈ ရက်က ပြောခဲ့သည်။

“ခြိမ်းခြောက်လာပြီဆိုရင်၊ ကျွန်တော်တို့ ပိုင်နက်နယ်မြေ၊ မဟာမိတ်နိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေကို ခြိမ်းခြောက်လာပြီဆိုရင် ကျွန်တော်တို့အနေနဲ့က ပစ်ချသွားဖို့ပဲ ရှိတယ်။”ဟု ကာတာက ပြောခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စမ်းသပ်ပစ်လွှတ်မှုများအပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စွမ်းဆောင်ရည်က မြင့်မားလာသည်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ဇန်နဝါရီ ၅ ရက်တွင် အမေရိကန်က ထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်အင်ဂျင်နှင့် တိုက်ချင်းပစ်ဒုံးကျည်၏ အပူဒဏ်ခံအကာတို့ကို စမ်းသပ်လျက်ရှိပြီး ပစ်လွှတ်ပြီးနောက် လေထုအတွင်း ပြန်လည်ဝင်ရောက်ကာ ပစ်မှတ်ကို ဦးတည်သည့် နည်းပညာကိုလည်း ဖော်ဆောင်လျက်ရှိနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်နိုင်ဖို့ နီးစပ်လာခြင်းနှင့်အတူ   မြောက်ကိုရီးယားနိုင်ငံအနေဖြင့်   နှစ်အနည်းငယ်အတွင်း ပြည့်စုံသည့် နျူကလီးယားလက်နက်ကို ရရှိလာလိမ့်ရှိကြောင်း ၎င်းကျွမ်းကျင်သူများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly