တွေ့ရင်ပြောကြပါလေ

တွေ့ရင်ပြောကြပါလေ

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လေးလတိတိ တင်ကြိုကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ၊ သူရဦးရွှေမန်း ဦးဆောင်သော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ရွေးကောက်ပွဲဦးတည် လှုပ်ရှားမှုများ ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရသည်။

ကျန်နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများသည်လည်း အနှေးနှင့် အမြန်၊ အနည်းနှင့် အများ ရွေးကောက်ပွဲဦးတည် လှုပ်ရှားမှုများ ဆောင်ရွက်နေကြသည်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ကြမည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲတွင် သတင်းရယူကြမည့် သတင်းမီဒီယာများသည်လည်း ရွေးကောက်ပွဲအတွက် ရေးသားပြောဆိုဆွေးနွေး တင်ဆက် ပြင်ဆင် ဆောင်ရွက်နေကြသည်။

မဲစာရင်းထုတ်ပြန်မှု အသီးသီးတွင်လည်း အချွတ်အချော်၊ အလွဲအမှား၊ မပြည့်စုံမပီပြင်မှုများ ကြောင့် မဲဆန္ဒရှင်ပြည်သူများမှာလည်း ပေါ့ပေါ့နေ၍ မဖြစ်တော့ကြောင်း သိရှိလာကြပြီး ရွေးကောက်ပွဲတွင် မဲပေးခွင့်ရနိုင်ပါရန် ကြိုးကုတ်အားထုတ်လာကြသည်ကို ဂုဏ်ယူဖွယ်မြင်တွေ့ နေရသည်။ ဤတွင် မဲပေးခွင့်သည် အလွယ်တကူ ဆုံးရှုံးမည် မဟုတ်ပါကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင်က ထုတ်ဖော်ပြောကြားလာရသည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူများ ရွေးကောက်ပွဲအတွက် သွေးနွေးလာခဲ့သည်ကတော့ သေချာပါပြီ။ သို့သော် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရန် လိုသေးသည်။ နိုင်ငံရေးလေ့လာ ဝေဖန်သုံံးသပ်သူများကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအထိုင်ပေါ်က ကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်ကောင်း လွတ်လပ်မည် ဖြစ်သော်လည်း မမျှတနိုင်ပါဟု အကဲဖြတ်ထားပြီးဖြစ်သည်။

ရွေးကောက်ပွဲ၏ အသက်ဖြစ်သော မဲဆန္ဒရှင်ပြည်သူများသည် ရွေးကောက်ပွဲမှတစ်ဆင့် မိမိတို့ကို အမှန်တကယ် ကိုယ်စားပြုမည့်သူ၊ မိမိတို့အကျိုး ရှေးရှုဆောင်ရွက်ကြမည့်သူ၊ မိမိတို့ကို မျက်နှာမူမည့်သူများကို မဲပေးရွေးချယ်နိုင်ရန် လှုပ်လှုပ်ရှားရှား ရှိလာသည်မှာ ကောင်းသောလက္ခဏာ ဖြစ်သည်။ သို့သော် မဲဆန္ဒရှင်ပြည်သူများအတွက် ထိုမျှနှင့် မလုံလောက်သေးပါ။ နောက်ထပ်တစ်ဆင့် တက်ကာ ကြိုးစားအားထုတ်ကြရန် လိုအပ်နေပါသေးသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်တွင် မဲပေးရုံ ပြင်ဆင်ကြသည့်ထက် မဲဆန္ဒရှင်ပြည်သူများ ဆက်လက်ကြိုးစားအားထုတ်ရန် အရေးတကြီး လိုအပ်နေသည်မှာ မိမိတို့ကို အမှန်တကယ် ကိုယ်စားပြုပြီး တိုင်းပြည်နှင့် လူထုအကျိုးရည် ဆောင်ရွက်ကြမည့်သူများအား ပြည်သူ့ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်နိုင်မည့် အရည်အချင်းနှင့် ပြည့်စုံသူများ၊ သီလ သမာဓိ ပညာနှင့် ကုံလုံသူများ၊ မိမိအကျိုးဘေးဖယ်၍ အများအကျိုး ရွက်ဆောင်လိုသူများသည် မဲဆန္ဒရှင်ပြည်သူများ၏ အနီးအပါး၊ ဘေးအနားတွင် ရှိနေတတ်ပါသည်။ သို့သော် ထိုသူတို့သည် ခါတစ်ရံ ရုတ်ချည်း မလှုပ်ပါ၊ တွန်းတိုက်နှိုးဆော် အကျိုးမျှော် ပြောဆိုမှ အသံပီ မြည်ဟီးသည့် စည်တော်ကြီးလို လူပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

လွှတ်တော်အရပ်ရပ်အတွင်းသို့ အရည်အချင်းအပြည့်ရှိသူ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်မှန်မှန်များ ဝင်ရောက်ခွင့်ရရန် ပထမအဆင့်ဖြစ်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် နိုင်ငံရေးပါတီများမှတစ်ဆင့် ကော်မရှင်သို့ လျှောက်လွှာတင်သွင်းရမည့်ရက်မှာ ဇူလိုင် ၂၀ မှ သြဂုတ် ၈ အထိသာ ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါသည်။ သို့ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများသည် မဲပေးမည့်အရေးထက်ပို၍ အရေးပေါ်ကိစ္စ၊ အရေးကြီးကိစ္စဖြစ်နေသည့် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်ဖြစ်နိုင်သော ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ပြည့်စုံသူများကို တွေ့ပါက ရွေးကောက်ပွဲ ဝင်ရောက်ကြပါရန် ပြောဆိုကြပါမည့်အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags