တောင်တွင်းကြီးမြို့တွင် ရေကန်တွင်း ငါးဆင်းဖမ်းရာမှ မပေါက်ကွဲသေးသော ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

တောင်တွင်းကြီးမြို့တွင် ရေကန်တွင်း ငါးဆင်းဖမ်းရာမှ မပေါက်ကွဲသေးသော ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ
ဓာတ်ပုံ- ဗိုလ်ပြည့်(တောင်တွင်းကြီး)

တောင်တွင်းကြီး ဇန်နဝါရီ ရ ။          ။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် ပေါက်ကွဲမှုမရှိသေးသော ဗုံးသီးဟောင်းတစ်လုံးအား ဇန်နဝါရီလ ရ ရက် မွန်းလွဲ(၁)နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့သည်ဟု သိရသည်။

တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ်ကွက်နေ ၁၄ နှစ် အရွယ်ရှိ နဝမတန်းကျောင်းသား မောင်အောင်ဖြိုးပိုင် အပါအဝင် လူငယ် သူငယ်ချင်း (၄)ဦးတို့သည် တောင်ပြင်(၁)ရပ်ကွက်၊ ရေဦး - ကျွန်းတောလမ်းရှိ မဟာမေဃဝန် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ မဲထီးရေကန်အတွင်း ငါးဆင်းဖမ်းရာမှအဆိုပါ ဗုံးသီးဟောင်းအား စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးသီးဟောင်း တွေ့ရှိမှုကို တောင်ပြင် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှအောင်က သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ အမှတ် (၇) စစ်အခြေခံ   လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး မြင့်ထွေး ပါ(၃)ဦး၊ အမှတ်(၁၀၃) ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြပြီး ၎င်းဗုံးသီးဟောင်းသည် ( ၈၁/၆၀ - မမ )ဟု ခန့်မှန်းရသော ပင်ပြုတ်၊ သံချေးတက်၊ ဒလက်ပိန်၊ သုံးမရသော ငှက်ပျောဖူး အရွယ်အစားခန့်ရှိ လောင်ချာပစ် ဗုံးသီးဟောင်း တစ်လုံး ဟုယူဆရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။

ယင်းအား ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်သို့ ပေးပို့အပ်နှံရန် စီစဉ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required