ရှယ်ယာ ကျပ်သန်းပေါင်း ၅၀၀၀ အား အများပြည်သူကို ဇန်နဝါရီလအတွင်း ရောင်းချပေးနိုင်ရန် MAEX မျှော်လင့်

ရှယ်ယာ ကျပ်သန်းပေါင်း ၅၀၀၀ အား အများပြည်သူကို ဇန်နဝါရီလအတွင်း ရောင်းချပေးနိုင်ရန် MAEX မျှော်လင့်

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် ရှိနေသည့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားစျေး တည်ထောင်သူ Myanmar Agro Exchage-MAEX အများပိုင် ကုမ္ပဏီလီမိတက်အနေနှင့် ကျပ်သန်းပေါင်း ၅၀၀၀ (ကျပ် ၅ ဘီလီယံ)ကို အများပြည်သူအား ဇန်နဝါရီလအတွင်း ရောင်းချပေးသွားရန် မျှော်လင့်ထားသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထိုပမာဏအတိုင်း အများပြည်သူအားရှယ်ယာရောင်းချရန် MAEX အများပိုင်ကုမ္ပဏီလီမိတက်ဘက်က အဆင်သင့်ဖြစ်နေပြီး ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မတီ- SECM ၏ ခွင့်ပြုချက်ကိုစောင့်မျှော်နေသည်ဟု MAEX အများပိုင်ကုမ္ပဏီလီမိတက်၏ BOD ဥက္ကဠ ဖြစ်သူ ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။

“ MAEX –Myanmar Agro Exchange အများပိုင် ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းပြီး အများပြည်သူတွေကို ရှယ်ယာရောင်းဖို့ဆိုပြီး အစီအစဉ် ကျွန်တော်တို့ လုပ်နေပါတယ်။

အခုဆိုရင် ငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မတီ-SECMကို အများကိုရှယ်ယာခေါ်နိုင်ဖို့အတွက် ခွင့်ပြုချက်တောင်းထားတာ မကြာခင်မှာရရှိတော့မယ်။ အဲဒါဆိုရင် အများပြည်သူကိုလည်းခေါ်သွားမယ်၊ အဲဒီ့အခါကျရင် အများပြည်သူ ရှယ်ယာဝယ်ယူနိုင်မှာဖြစ်ပါတယ်”

ကုမ္ပဏီအနေနှင့် ငွေကြေးသက်သေခံ ကြီးကြပ်ရေးကော်မတီ-SECMသို့ တောင်းထားသည့် ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအတွင်း ရရှိရန်   မျှော်မှန်းထားပြီး ခွင့်ပြုချက်ရလျှင် ရချင်းရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းသွားမည်ဟု သိရသည်။

MAEX သည်ရှယ်ယာတစ်စုတန်ဘိုးကျပ် ၁၀၅၀၀ (ပရီမီယံကြေး ၅ ရာခိုင်နှုန်းအပါ) ဖြင့် အစုရှယ်ယာပေါင်း ငါးသိန်းကို ရောင်းချပေးသွားမည်ဖြစ်သည်။

MAEX အများပို်င်ကုမ္ပဏီလီမိတက်အနေနှင့် တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့် လက်ကားစျေးသစ်ကို ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဟု ပြောဆိုထားပြီး စီမံကိန်း နှစ်ခုရှိသည့်အနက် ပထမအပိုင်း (Phase one) ကို ဦးစွာ ဖွင့်လှစ်မည်ဖြစ်သည်။

“ကျွန်တော်တို့ အပိုင်းကြီး ၂ ပိုင်းခွဲပြီးလုပ်ကိုင်နေပါတယ်။ ပထမအပိုင်းကိုတော့ ဇန်နဝါရီလထဲမှာ ဖွင့်လှစ်နိုင်ဖို့ တည်ဆောက်နေပါတယ်။ ပထမအပိုင်းမှာဆိုင်ခန်းပေါင်း ၅၀၀၀ ကျော် ပါဝင်လာပါလိမ့်မယ်”ဟု MAEX ၏ BOD ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းအောင်က ပြောသည်။

ယင်းစီမံကိန်း ၂ ခုစလုံး၏ အကျယ်အဝန်းသည် ၈၃ ဧကရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကျပ်ငွေ ၉၉.၈ ဘီလီယံဖြစ်ကာ ပထမအပိုင်း(Phase one) ၏ ရင်းနှီးမြှုပ်နှံမှုသည် ကျပ်ငွေ ၂၅.၁၈ ဘီလီယံကျပ်ဖြစ်သည်။ လက်ရှိအချိန်တွင် ကုမ္ပဏီအနေနှင့် ပထမစီမံကိန်း(Phase one) ၏ သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုပမာဏထဲမှ ကျပ်ငွေ ၂၀ ဘီလီယံကျော်ကိုရင်းနှီးမြှုပ်နှံထားပြီး ကျန် ၅ ဘီလီယံကျပ်ကို အများပြည်သူထံသို့ ရောင်းချသွားမည်ဖြစ်သည်။

MAEX ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအစုအဖွဲ့ထဲတွင် ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီအပါအဝင် မူလရှယ်ယာရှင် ၂၁ ဦးက ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။ တစ်ချိန်တွင် MAEX ကို ရန်ကုန်စတော့အိတ်ချိန်း-YSXတွင် စာရင်းကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုိင်အောင် လုပ်ကိုင်သွားမည်ဟုလည်း MAEX ၏ BOD ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းအောင်က ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly