ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အတွင်းရှိ ကျောက်တွင်းဓာတ်လှေကားပြုတ်ကျရာ ကျင်းသား ၆ ဦးသေဆုံး

ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အတွင်းရှိ ကျောက်တွင်းဓာတ်လှေကားပြုတ်ကျရာ ကျင်းသား ၆ ဦးသေဆုံး
ဓာတ်ပုံ - MOI

ရန်ကုန်၊ ဇန်နဝါရီလ ၅ ။              ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြောင်ပြင်ကျေးရွာအုပ်စု၊ ကိုးလံကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွင်   ကျောက်တွင်းဓာတ်လှေကား   ပြုတ်ကျရာ ကျင်းသား ၆ ဦးသေဆုံးခဲ့သည်ဟု  သတင်းနှင့်ပြန်ကြားရေးမှ ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်အချိန်က မိုးကုတ်ပရိုက်(ဒ်) ကျောက်မျက်ရတနာ ကုမ္ပဏီပိုင် ကျောက်ပုတ်(၁)တွင် နေ့ဆိုင်း ကျောက်တွင်းလုပ်သားများက အလုပ်လုပ်ရန် ကျောက်တွင်းထဲသို့ ဓာတ်လှေကားဖြင့် ဆင်းရာမှ ဓာတ်လှေကား ချိတ်ထိန်းခလုတ် ပြုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အနက်ပေ ၃ဝဝခန့်ရှိ ကျောက်တွင်းထဲသို့ သွားသည့် ဓာတ်လှေကား ချိတ်ထိန်းခလုတ် ပြုတ်ထွက်ခဲ့ခြင်းကြောင့် ဓာတ်လှေကားထဲတွင် စီးနင်းလိုက်ပါခဲ့သည့် မင်းလှမြို့နယ်မှ ကျော်ရဲအောင်၊ ဒီမော့ဆိုမြို့နယ်မှ ဂျော်ကင်း နှင့် ငဖဲမြို့နယ်မှ စိုးသီဟ၊ တင်ကိုဝင်း၊ ရန်နိုင်အောင်၊ ဝင်းဝင်းထွန်း၊ တို့မှာ ကျင်းထဲပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျပ်ပြင်နယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ" ကျသွားတယ်လို့တော့ သိရတယ်ခင်ဗျာ။ ခုထိတော့ သွားစစ်တဲ့အဖွဲ့က ပြန်မရောက် သေးဘူးခင်ဗျာ။ ကျွန်တော်တို့လည်း စောင့်နေတာ။ ဒါကြောင့် အတည်ပြုလို့ မရသေးဘူး။ ကျတာကတော့ မှန်တော့ မှန်တယ်”ဟု အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြန်လည်ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly