ကုလသမဂ္ဂ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ကုလအတွင်းရေးမှူးချုပ်သစ် တို့ ဖုန်းဆက်စကားပြော

ကုလသမဂ္ဂ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ကုလအတွင်းရေးမှူးချုပ်သစ် တို့ ဖုန်းဆက်စကားပြော

ဇန်နဝါရီ ၅ ။               ။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် အန်တိုနီယို ဂူတာရက်စ်တို့ ဇန်နဝါရီ ၄ ရက်က ဖုန်းဆက်စကားပြောဆိုခဲ့ကြပြီး အနာဂတ်ကာလ ဆက်ဆံရေးပိုင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်တွင် ဒေါ်နယ်ထရန့်အစိုးရ တက်လာပါက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်အကြား ဆက်ဆံရေးကျဲသွားနိုင်ကြောင်း မှန်းဆချက်များထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ နှစ်ဘက်တာဝန်ရှိ အကြီးအကဲများအကြား ပြောဆိုဆွေးနွေးမှုကို သိရှိခဲ့ရခြင်းဖြစ်သည်။

ကုလအကြီးအကဲအဖြစ် တရားဝင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည့် ဂူတာရက်စ်က ထရန့်အား ဖုန်းဆက်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က ပြောသည်။

" ကုလ-အမေရိကန် ဆက်ဆံရေးနဲ့ပတ်သက်၍ သူတို့နှစ်ဦးအကြား  အထူးကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောသွားသည်။

မကြာခင် သမ္မတဖြစ်လာတော့မည့် ဒေါ်နယ်ထရန့် နှင့် စေ့စပ်ညှိနှိုင်းပြေလည်လိုသည်ဟု ကုလအကြီးအကဲက ပြောကြားထားသည်။

ယခုကဲ့သို့ ကုလအတွင်းရေးမှူးချုပ်နှင့် ဖုန်းဆက်စကားပြောဆိုသည့်ကိစ္စကို ထရန့်၏ ပြောရေးဆိုခွင့်ရှိသူ ဆင်းန် စပိုက်ဆာက အတည်ပြုသွားခဲ့သော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

တစ်ဆက်တည်းတွင် လာမည့် ဇန်နဝါရီ ၂၀ ရက် ဒေါ်နယ်ထရန့်အစိုးရ တက်လာပါက ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရေး အိမ်ဖြူတော်က တိုက်တွန်းသွားရန် ရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသွားသည်။

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဂူတာရက်စ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်ကမှ စတင် တာဝန်ယူနေခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required