အမေရိကန်သမ္မတသစ် ဖြစ်လာတော့မယ့် ဒေါ်နယ်ထရန့်အား ခြေရာခံကြည့်ခြင်း

အမေရိကန်သမ္မတသစ် ဖြစ်လာတော့မယ့် ဒေါ်နယ်ထရန့်အား ခြေရာခံကြည့်ခြင်း

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာဆိုရင် လာမယ့် ဇန်နဝါရီလ ၂၀ ရက်မှာ နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာတော့မှာဖြစ်ပါတယ်။ အိမ်ဖြူတော်သို့ ချီတက်ရာလမ်း ရွေးကောက်ပွဲမှာတော့ အဓိကပြိုင်ဘက် ဒီမိုကရက်တစ်ပါတီဘက်မှ ဟီလာရီကလင်တန်အပေါ် ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာတုန်းကတော့ သူဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရသလို မွတ်ဆလင်တွေကို နိုင်ငံတွင်း ၀င်ခွင့်ပိတ်ပင်ဖို့နဲ့ မက္ကဆီကိုနဲ့ ခြံစည်းရိုး တံတိုင်းခတ်ဖို့ ကိစ္စတွေကို ပြောကြားခဲ့သူ ဖြစ်ပါတယ်။

မကြာခင် အိမ်ဖြူတော်ကို ချီတက်လျှောက်လှမ်းတော့မယ့် ဒေါ်နယ်ထရန့်ဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ပြီးတော့ ဇိမ်ခံဟိုတယ်ကြီးတွေ၊ ဂေါက်ကွင်းတွေ၊ ကယ်စီနိုရုံတွေပါ ပိုင်ဆိုင် လုပ်ကိုင်နေခဲ့သူလည်း ဖြစ်ပါတယ်။ ယင်းနောက် နိုင်ငံရေးအရ စမ်းသပ်ခံရတော့အချိန်မတိုင်ခင် သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အထိ Miss Universe နဲ့ Miss USA ပြိုင်ပွဲကျင်းပမှုတွေကို ပိုင်ဆိုင်လုပ်ဆောင်ခဲ့သလို အမေရိကန် ဂိမ်းရှိုးတစ်ခုဖြစ်တဲ့ The Apprentice မှာလည်း ပါ၀င်ခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလတစ်လျှောက် Make America Great Again- အမေရိကကို တစ်ဖန်ပြန်လည် ကြီးကျယ်ခမ်းနားစေရမယ်ဆိုပြီး ကတိကဝတ်တွေပေးခဲ့သလို စီးပွားရေးရည်မှန်းချက်တွေနဲ့ လူဝင် မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်သွားမယ့် ကိစ္စရပ်တွေကို အဓိက ပြောဆိုမဲဆွယ်ခဲ့ပါတယ်။

အလားတူ သူရဲ့ရှေ့က သမ္မတ ဘရက်ခ် အိုဘားမားလက်ထက်မှာ လုပ်ဆောင်ထားခဲ့တဲ့ နိုင်ငံတကာ ကုန်သွယ်မှုစာချုပ်တွေကိုလည်း သူ့ရဲ့လက်ထက်မှာ ပြန်လည်ဆွေးနွေးတာ၊ နှုတ်ထွက်တာမျိုးတွေ လုပ်သွားမယ်လို့ ပြောဆိုထားသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာတော့ အမေရိကန်နယ်စပ်ကို ခြံစည်းရိုးခတ်ရေး၊ မွတ်ဆလင်တွေကို နိုင်ငံထဲ ၀င်ခွင့်ပိတ်ပင်ရေး အပါအဝင် လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကို အဓိကဇောင်းပေး ပြောကြားထားခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required