ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ

ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ

အမေရိကန်နိုင်ငံရဲ့ ၄၅ ဦးမြောက် သမ္မတအဖြစ် ဇန်နဝါရီလ ၂၀ ရက်မှာ ဒေါ်နယ်ထရန့်ဟာ အိမ်ဖြူတော်လို့ ခေါ်တဲ့ သမ္မတ အိမ်တော်ကို ရောက်ရှိနေထိုင်တော့မှာဖြစ်ပါတယ်။ အစဉ်အလာကြီးမားပြီး လုံခြံုရေး စနစ်တွေ အထပ်ထပ်ရှိနေတဲ့ အိမ်ဖြူတော်ရဲ့ ကောက်ကြောင်းနဲ့ ထူးခြားချက်တွေကို ကြည့်ရအောင်ပါ။

အိမ်ဖြူတော်ဟာ အမေရိကန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမြို့ အမှတ် ၁၆၀၀ ပင်စီဗေးနီးယား လမ်းမှာ တည်ရှိပါတယ်။ ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုရဲ့ သမ္မတအိမ်တော်ဟာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပါပြီ။ ၁၇၉၂ ခုနှစ်မှာ စတင် အုတ်မြစ်ချခဲ့ပြီးတော့ ၁၈၀၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ အပြီးသတ်ခဲ့ပါတယ်။

အကျယ်အဝန်း မီတာ ၅၀၀ ပတ်လည်ရှိတဲ့ အိမ်ဖြူတော်ထဲမှာ ဘတ်စကက်ဘောကွင်း၊ ရေကူးကန်၊ မြင်းစီးပတ်လမ်းတွေနဲ့ တည်ထောက်ထားတာပါ။ ဒီဗိသုကာပိုင်းကိုတော့ ဂျိမ်း ဟိုဘန်က ရေးဆွဲခဲ့ပြီး သမ္မတ ဂျော့ဗ်ဝါရှင်တန်က အတည်ပြုပေးခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ စတင် ဆောက်လုပ်ပါတယ်။

အခန်းပေါင်း ၁၃၂ ရှိတဲ့ အိမ်ဖြူတော်ကို အပိုင်း သုံးပိုင်း ခွဲခြားဆောက်လုပ် ထားပါတယ်။ အရှေ့ဘက် အရပ်မှာ ဆောက်ထားတဲ့ အဆောက်အဦး၊ အနောက်ဘက်အရပ်မှာ အဆောက်အဦး တစ်လုံးနဲ့ သမ္မတနဲ့ မိသားစုတွေနေတဲ့ အိမ်တော်ကိုတော့ အလယ်တည့်တည့်မှာ ဆောက်ထားတာပါ။ အိမ်ဖြူတော်ကို အများသူငှာ လေ့လာနိုင်ဖို့ ဖွင့်ပေးလေ့ရှိပြီး သွားရောက်လည်ပတ်သူ နေ့စဉ် ထောင်နဲ့ချီ ရှိပါတယ်။

အနောက်ဘက်အရပ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကတော့ အဓိက အဆောက်အဦးဖြစ်ပြီး သမ္မတရုံး အရာရှိများ ရုံးထိုင်တဲ့နေရာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ အစည်းအဝေးတွေ လုပ်လေ့ရှိတဲ့ Cabinet Room ရှိပါတယ်။ Situation Room လို့ခေါ်တဲ့ စစ်ရေးကွပ်ကဲမှုဗဟိုခန်း လို့ခေါ်နိုင်ပါတယ်။ ဒီအခန်းကတော့ ကမ္ဘာဒေသအသီးသီးက စစ်ရေး၊ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်ချက်ချရာ နေရာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဘင်လာဒင်ကို စစ်ဆင်ရေး လုပ်စဉ်က အဲ့ဒီ Situation Room ထဲကနေ ကွပ်ကဲခဲ့တာပါ။

ဒီအဆောက်အဦးဟာ သမ္မတ ရုံးစိုက်ရာ အဆောက်အဦးလည်းဖြစ်ပြီး မြေအောက်ခန်းလည်း ရှိပါတယ်။ ဒီအခန်းကိုတော့ အရေးပေါ်အခန်းလို့ ခေါ်နိုင်ပြီး အရေးပေါ် အခြေအနေတွေ ပေါ်ပေါက်လာရင် ဒီအခန်းထဲမှာ အစိုးရအဖွဲ့ရဲ့ အဓိက ကျသူတွေ ဝင်ရောက်ဆွေးနွေး ဆုံးဖြတ်ချက်ချတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာကို  အစိုးရအဖွဲ့ရဲ့ အဓိက တာဝန်ရှိသူတွေသာ ဝင်ခွင့်ပြုဖို့ ကန့်သတ်ထားပါတယ်။

လုံခြံုရေး အရာရှိတွေ၊ လျှို့ဝှက် ထောက်လှမ်းရေးတွေ၊ အရပ်ဝတ်ရဲအရာရှိတွေ အိမ်ဖြူတော် ပတ်လည်မှာ ၂၄ နာရီ ရ ရက်လုံးရှိနေပါတယ်။ အိမ်ဖြူတော်ကို ရန်ပြုမှုအဖြစ် အကြီးမားဆုံး ပေါ်ပေါက်ခဲ့တာကတော့ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာဖြစ်ပါတယ်။ ညသန်းခေါင် အချိန်မှာ ဖရန့်ကိုးဒါးဆိုသူက အိမ်ဖြူတော်ကို လေယာဉ်နဲ့ ဝင်တိုက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပြီး အိမ်ဖြူတော်ကို ဝင်မတိုက်ခင်မှာ လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ပါတယ်။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြိုးစားမှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေ လွန်ခဲ့တဲ့ နှစ်များစွာမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ မှန်တွေဟာ သေနတ်ကျည်မပေါက်နိုင်ဘဲ နျူကလီးယား ဗုံးဒဏ်ကိုတောင် ခံနိုင်ရည်ရှိတယ်လို့ အဆိုရှိကြပါတယ်။ အိမ်ဖြူတော် ဝန်ထမ်းပေါင်း ၁၇၀၀ လောက်ရှိပြီး ဒီဝန်ထမ်းတွေကို ရွေးချယ်ရာမှာလည်း အလွန်တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ ရွေးချယ်တာပါ။ ဘာပဲပြောပြော အမေရိကန် သူဋ္ဌေးကြီး ဒေါ်နယ်ထရန့်ကတော့ ဒီလ ၂၀ ရက်မှာ အိမ်ဖြူတော်ကို ပြောင်းရွှေ့ နေထိုင်တော့မှာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required