ဖိလစ်ပိုင် အကျဉ်းထောင်တစ်ခုသို့ု လက်နက်ကိုင်များ လာရောက်တိုက်ခိုက်ခဲ့ရာ အကျဉ်းသား ရာချီ ထွက်ပြေး လွတ်မြောက်သွား

ဖိလစ်ပိုင် အကျဉ်းထောင်တစ်ခုသို့ု လက်နက်ကိုင်များ လာရောက်တိုက်ခိုက်ခဲ့ရာ အကျဉ်းသား ရာချီ ထွက်ပြေး လွတ်မြောက်သွား

ဇန်နဝါရီ ၄ ။           ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသတစ်ခုရှိ အကျဉ်းထောင်တစ်ခုသို့ ဇန်နဝါရီလ ၄ ရက်က လက်နက်ကိုင်များ ရုတ်တရက် လာရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့်   ထောင်စောင့်တစ်ဦး သေဆုံးပြီး ထောင်သား ၁၃၂ ဦး လွတ်မြောက်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

North Cotabato ဒေသရှိ အဆိုပါ အကျဉ်းထောင်သို့ လာရောက်တိုက်ခိုက်သူ လက်နက်ကိုင်အင်အား ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရပြီး နှစ်နာရီကြာမြင့်ခဲ့သည့် ယင်းတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း အကျဉ်းသားများ ထွက်ပြေးခွင့်ရသွားခဲ့ခြင်း ဖြစ်သည်။

" အဖမ်းခံထားရတဲ့ သူတို့လူတွေကို လာကယ်သွားတာပါ၊ ထောင်ဝန်ထမ်းတွေလည်း တိုက်ခိုက်ခံလိုက်ရပါတယ်" ဟု အကျဉ်းထောင်မှူး ပီတာ ဂျွန်ဘွန်ဂက်က ပြောသည်။

ယင်းနေ့အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် လာရောက်တိုက်ခိုက်သူလက်နက်ကိုင်များကို နိုင်ငံတွင် အဓိကမွတ်ဆလင်သူပုန်အဖွဲ့ Moro Islamic Liberation Front အဖွဲ့က ဦးဆောင်ခဲ့ခြင်း   ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

သို့သော် ဖိလစ်ပိုင်စစ်တပ်နှင့် ရဲများကမူ ယခုအချိန်ထိ တိုက်ခိုက်သူလက်နက်ကိုင်များ မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသော်လည်း လက်နက်ကိုင်များနှင့် ထွက်ပြေးသွားသော ထောင်သားများနောက် လိုက်လံဖမ်းဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်းရှိ အဆိုပါဒေသမှာ ယခင်ဆယ်စုနှစ်များစွာအကြာကတည်းက မွတ်ဆလင်ခွဲထွက်ရေးအုပ်စုများနှင့်အတူ ရာဇဝတ်ဂိုဏ်းများ ဆူပူသောင်းကျန်းရာဒေသတစ်ခုဖြစ်ခဲ့ပြီး ၎င်းတို့ထဲမှအချို့မှာ အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အုပ်စုထံ သစ္စာခံသူများဖြစ်သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly