အီရန်ပုံစံ အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများကို လုံးဝစိတ်မဝင်စား ဟုမြောက်ကိုရီးယားပြောကြား

အီရန်ပုံစံ အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများကို လုံးဝစိတ်မဝင်စား ဟုမြောက်ကိုရီးယားပြောကြား

ဆိုးလ်၊ ဇူလိုင်-၂၁ ။      ။ နျူကလီးယားစွမ်းရည်များကို စွန့်လွှတ်ရန် အီရန်ပုံစံ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးပွဲများ ကိုမြောက်ကိုရီးယားအနေဖြင့် စိတ်မဝင်စားကြောင်း အထီးကျန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၁ရက်နေ့ ကကြေညာ ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အထီးကျန်ဧကစာကျင့်နေသည့် မြောက်ကိုရီးယားအပေါ် အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီမှာ ရန်လိုသည်သဘော ရှိသောကြောင့် ယင်းကိုခုခံတားဆီးရန်အတွက် နျူကလီးယားအစီအစဉ်မှာ မရှိမဖြစ်လိုအပ်ကြောင်း အဆိုပါ ကြေညာချက် တွင်ပြောကြားခဲ့သည်။

‘ကျွန်တော်တို့ရဲ့ အခြေအနေကို အီရန် နျူကလီးယားသဘောတူညီချက်နဲ့ နှိုင်းယှဉ်တာဟာ ယုတ္တိမတန်ပါဘူး။ ထုနဲ့ထည်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ ကြီးမားတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေအပါအဝင် အမေရိကန်ရဲ့ စစ်ရေးအရ ရန်စခြိမ်းခြောက် မှုကို အမြဲတမ်းခံနေရတာပါ’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါကြေညာချက်တွေင် ပြောကြားခဲ့သည်။

‘တစ်ဖက်သတ် နျူကလီးယားစွန့်လွှတ်ရမယ့် ဘယ်လိုဆွေးနွေးပွဲမျိုးကိုမှ ကျွန်တော်တို့ စိတ်မဝင်စားပါဘူး’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။   

ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် အလဲအထပ်အနေဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည့် သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ဦးဆောင်သည့် အင်အားကြီး ၆နိုင်ငံနှင့် အီရန်တို့ သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြ သည်။

မြောက်ကိုရီးယားအပါအဝင် ကမ္ဘာ့ရန်ဖက်ကြီးများနှင့် စေ့စပ်ညှိနှိုင်းသွားမည်ဟု ကာလကြာမြင့်စွာကတည်းက ကတိပြုခဲ့သည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအတွက်မူ အီရန်သေဘာတူညီချက်မှာ ကြီးကျယ်ခန်းနားသောနိုင်ငံရေးအောင်မြင် မှုတစ်ရပ်ပင် ဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးကို ချိနဲ့သွားစေခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်၊ အီးယူနှင့် ကုလတို့က ဖယ်ရှားပေးသည့်အတွက် သဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ရေရှည် ထိန်းချုပ်ကန့်သတ်သွားရမည်ဖြစ်သည်။

နျူကလီးယားဗုံးနှင့် ပဲ့ထိန်းဒုံးကျည်များကို မကြာခဏ စမ်းသပ်ပစ်လွှတ်ဖောက်ခွဲနေသည့်အတွက် မြောက်ကိုရီးယားကိုလည်း အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့က အကြီးအကျယ် ဒဏ်ခတ်ပိတ်ဆို့ထားသည်။

‘ကျွန်တော်တို့က နျူကလီးယားလက်နက်နိုင်ငံဆိုတော့ နျူကလီးယားလက်နက်နိုင်ငံတွေမှာ သူတို့ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိကြပါတယ်’’ဟု အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required