‘နည်းပြဘဝရဲ့ အဆုံးသတ်ပိုင်းကို ရောက်ရှိနေပြီ’လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပြော

‘နည်းပြဘဝရဲ့ အဆုံးသတ်ပိုင်းကို ရောက်ရှိနေပြီ’လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပြော
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသက် ၆၀ အရွယ် ရောက်တဲ့အထိ နည်းပြသွားဖို့ မမြင်ကြောင်းနှင့် "နည်းပြဘဝရဲ့ အဆုံးသတ်ပိုင်းကို ရောက်ရှိနေပါပြီ"လို့ ဘန်လေအသင်းနဲ့ ပွဲကြိုမှာ NBC သတင်းဌာနကို ပြောဆိုသွားပါတယ်။

အသက် ၄၅ နှစ်သာရှိသေးတဲ့ ဂွာဒီယိုလာဟာ နောက်ထပ် ကလပ်အသင်းများစွာကို နည်းပြဖို့ မမျှောင်လင့်ကြောင်း အတည်ပြုပြောဆိုခဲ့ပြီး "နည်းပြဘဝကို နှုတ်ဆက်ဖို့ နီးစပ်နေပြီ"လို့ အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ NBC ကို ပြောကြားရာမှာ "ကျနော် မန်ချက်စတာမှာ နောက်ထပ် ၃ ရာသီ ရှိနေမှာဖြစ်ပြီး ဒီထက်ကြာချင်လည်း ကြာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်က နည်းပြဘဝရဲ့ အဆုံးသတ်ပိုင်းကို ရောက်ရှိနေပါပြီ။ ဒါနဲ့ ပတ်သက်လို့ ကျနော်ဘက်က သေချာပါတယ်"လို့ ပြောပါတယ်။

"ကျနော် နည်းပြခုံတန်းပေါ်မှာ အသက် ၆၀ ဒါမှမဟုတ် ၆၅ နှစ်အထိ ရှိနေမှာ မဟုတ်ပါဘူး။ ကျနော် နည်းပြဘဝကို နှုတ်ဆက်ရမယ့် ဖြစ်စဉ်က စတင်နေပြီလို့ ခံစားရပါတယ်"လို့ ဂွာဒီယိုလာက အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

အထက်ပါ ပြောဆိုမှု အကြောင်းကို ဘန်လေနဲ့ ပွဲအပြီးမှာ မေးမြန်ခဲ့ရာ "'ဒါဟာ ကျနော့်ရဲ့ နောက်ဆုံးအသင်းတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်"လို့ ဂွာဒီယိုလာက ဖြေဆိုသွားပါတယ်။

ဂွာဒီယိုလာဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာရဲ့ စီနီယာအသင်းကြီးကို နည်းပြခဲ့ပြီး ၄ ရာသီအတွင်း လာလီဂါအမှတ်ပေးဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ်ဆီ မပြောင်းရွှေ့ခင် ဘိုင်ယန်မြူးနစ်ကို နည်းပြခဲ့ပြီး ဘွန်ဒီလီဂါဖလား ၃ ကြိမ် ရယူခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ထားသူဖြစ်ပြီး အသင်းကို ၆ လသာ ကိုင်တွယ်ထားသေးသူဖြစ်ပါတယ်။

Ref; The Sun, ESPN FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly