မန်ချက်စတာကလပ် နှစ်သင်းလုံး ၂၀၁၇ နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်၊ လီဗာပူးလ်တို့ ခြေချော်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)

မန်ချက်စတာကလပ် နှစ်သင်းလုံး ၂၀၁၇ နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်၊ လီဗာပူးလ်တို့ ခြေချော်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)

တနင်္လာနေ့ ပရီးမီးယားပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးတို့ အသီးသီး အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက လီဗာပူးလ်တို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ရက်ပိုင်းအတွင်း လီဗာပူးလ်ကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ မန်စီးတီးဟာ တနင်္လာနေ့ ဘန်လေနဲ့ ရင်ဆိုင်ကစားရာ ပွဲချိန် ၃၂ မိနစ်မှာ ပြိုင်ဘက်ကစားသမား ဂတ်မန်ဆင်ကို ခြေစုံပစ်ဖျက်ထုတ်ခဲ့တဲ့ ဖာနန်ဒင်ဟို အနီကတ်ပြခံရပြီးနောက် ဘန်လေအသင်းကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဖာနန်ဒင်ဟိုအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ အနီကပ် နှစ်ကြိမ်ပြသခံရပြီးဖြစ်သလို ၄ ပွဲ ပွဲပယ် ပြစ်ဒဏ်ခံခဲ့ပြီးဖြစ်ပါတယ်။

မန်စီးတီးဟာ တိုက်စစ်မြှင့်တင်ကစားခဲ့တာကြောင့် ၅၈ မိနစ်မှာ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ကလစ်ချီက ဘန်လေအသင်း ပင်နယ်တီဧရိယာ ဘယ်ခြမ်းကနေ ဘောလုံးဆွဲယူကာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ် လေးမိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကတဆင့် မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို အဂူရိုသွင်းပေးခဲ့ပြီး မန်စီးတီးက ၂-၀ ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

မိနစ် ရ၀ မှာ ဘန်လေးအသင်းအတွက် ဘန်မီးက ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါ အနိုင်ရလဒ်ကြောင့် မန်စီးတီးက ၄၂ မှတ် ရထားပြီး အမှတ်ပေးဇယားမှာ လီဗာပူးလ်နဲ့ ၂ မှတ်အကွာ၊ အင်္ဂါနေ့မှာ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်ရဲ့အထက် ၂ မှတ်အသာ ရရှိထားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) နောက်ဆုံး ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအစ ၁၅ မိနစ်မှာပဲ မန်ယူ နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ ၀က်စ်ဟမ်း တောင်ပံ ကစားသမား ဖီဂူလစ် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အိမ်ရှင် ဝက်စ်ဟမ်းက မန်ယူအသင်းကို တစ်ယောက်လျော့နဲ့ အကောင်းဆုံး တု့ံပြန်နိုင်တာကြောင့် ဒုတိယပိုင်းမှသာ မန်ယူတို့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ ရပ်ရှ်ဖို့ဒ် ပေးတဲ့ ဘောလုံးကို လူစားဝင်လာတဲ့ မာတာ အပိုင်ကန်သွင်းပြီး  မန်ယူအသင်း ၁-၀ နဲ့ ဦးဆောင်ခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်း လူကျွံနေတဲ့ အီဘရာဟီမိုဗစ်က ရ၈ မိနစ်မှာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး ၆ပွဲဆက် အနိုင်ရှိတာဖြစ်ပြီး ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီ ကစားမယ့် စပါးအသင်းက မန်ယူနဲ့ ရမှတ်တူ၊ ဂိုးကွာချက်အသာကြောင့် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

တစ်ဖက်မှာတော့ ဆန်းဒါးလန်းရဲ့ အလင်းရောင်ကွင်းမှာ လီဗာပူးလ်တို့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ သွင်းခဲ့ပေမယ့် ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုးက ချေပဂိုးတွေ ပြန်သွင်းယူသွားလို့ သရေတစ်မှတ်သာ ရသွားပါတယ်။

လီဗာပူးလ်က ပွဲ (၂၀) ကစားရာမှာ ၄၄ မှတ် ရရှိထားပြီး ပရီးမီးယားလိဂ်ဦးဆောင်သူ ချယ်လ်ဆီးက ဒုတိယနေရာက လီဗာပူးလ်ကို ၅ မှတ်ဖြတ်ထားနိုင်သလို လက်ကျန် တစ်ပွဲကစားဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ရလဒ်များ
မစ်ဒယ်ဘရော့ ၀-၀ လက်စတာ
ဆန်းဒါးလန်း ၂-၂ လီဗာပူးလ်
အဲဗာတန် ၃-၀ ဆောက်သမ်တန်
မန်စီးတီး ၂-၁ ဘန်လေ
ဝက်စ်ဘရွန်း ၃-၁ ဟားလ်စီးတီး
ဝက်စ်ဟမ်း ၀-၂ မန်ယူ

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required