နှစ်သစ်ကူးညတွင် ရန်ဖြစ်ရာမှ နေပြည်တော်တွင် ရဲအုပ်တစ်ဦး သေဆုံး

နှစ်သစ်ကူးညတွင် ရန်ဖြစ်ရာမှ နေပြည်တော်တွင် ရဲအုပ်တစ်ဦး သေဆုံး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပုဆိုးဖြင့် လက်နောက်ပြန်တုပ်ခံရပြီး မှောက်လျက်အနေအထားဖြင့် ရဲအုပ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ မိုးဝေလမ်းနှင့် ရွှေသပြေ ၁၃အနီးတွင် ဇန်နဝါရီလ ၁ရက်၊ နံနက် ၄နာရီ၊ ၂၀မိနစ်အချိန်တွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ လ-၁၅၃၈၃၅၊ ရဲအုပ် ဇော်ဇော်(၄၈)နှစ် (ဘ) ဦးအောင်သိန်း၊ မမစ(ပျဉ်းမနား)ဝန်း နေထိုင်သူဖြစ်ပြီး မေးစေ့တွင် တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ညိုမည်းဒဏ်ရာ(၁)ချက်၊ လည်ပင်းတွင် ညိုမည်းဒဏ်ရာ၊ ဝဲဘက်ရင်ဘတ်တွင် ညိုမည်းဒဏ်ရာ၊ ယာပေါင်တွင် ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ နှစ်သစ်ကူးအကြိုညတွင် သေဆုံးသူ ရဲအုပ်ဇော်ဇော်နှင့် ကိုဖြိုးဆိုသူတို့သည် အိုးဝေ(၁)လမ်းရှိ နေအိမ်တစ်ခုတွင် အရက်သေစာသောက်စားခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီ ၁ရက်၊ နံနက် ၃နာရီ ၁၅မိနစ်တွင် ကိုဖြိုးဆိုသူက ပြန်မည်ဟုပြော၍ ရဲအုပ်ဇော်ဇော်က ပြန်လိုက်ပို့ရာတွင် စကားအချေအတင်ဖြစ်ပြီး ရန်ဖြစ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ယင်းနောက် အခင်းဖြစ်ပွားရာနေရာတွင် ကိုဖြိုးဆိုသူက ရဲအုပ်ဇော်ဇော်ကို ခွထိုးခဲ့ပြီးနောက် နောက်ထပ် အမျိုးသား(၂)ဦး ကားဖြင့် ထပ်ရောက်လာပြီး ရဲအုပ်ဇော်ဇော်ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။

လက်ရှိတွင် ကိုဖြိုးအပါအဝင် ကျန်(၂)ဦးအား ဇန်နဝါရီ ၁ရက်နေ့တွင်ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး စစ်ဆေးခဲ့ရာ ရဲအုပ်ဇော်ဇော်အား ဝိုင်းဝန်းထိုးကြိတ်ပြီးနောက် ကိုဖြိုး၏ ပုဆိုးဖြင့်ပင် လက်နောက်ပြန်တုပ်လျက် မှောက်လျက်အနေအထားဖြင့်ပင် ထားခဲ့သည်ဟု ကိုဖြိုးက ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ရဲတပ်ဖွဲ့က တရားခံဟု သတ်မှတ်ထားသူများဖြစ်သည့် ကိုဖြိုးအပါအဝင်(၃)ဦးသည် သေဆုံးသူ ရဲအုပ်ဇော်ဇော်နှင့် ရန်ငြိုးရန်စ မရှိသည့်အပြင် ညီအစ်ကိုဝမ်းကွဲတော်စပ်သူများဖြစ်ကြပြီး အရက်သေစာသောက်ပြီး ဒေါသအလျောက် ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးသည်အထိ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဒက္ခိဏသိရိခရိုင်မှူး ဒုတိယ ရဲမှူးကြီး မောင်မောင်ခင်က ဇန်နဝါရီ(၁)ရက်၊ ညဦးပိုင်းတွင် မဇ္ဈိမကို ပြောသည်။

“ရန်ဖြစ်တာ ညီအစ်ကို ဝမ်းကွဲတွေပါ။ ပရောဂ မပါဘူးဗျာ။ ရဲကို အမြင်ကတ်လို့၊ ပြဿနာရှိလို့၊ အငြိုးအတေးတွေ ဒါတွေ မရှိဘူး” ဟု ဒုတိယရဲမှူးကြီး မောင်မောင်ခင်က ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ကိုဖြိုး အပါအဝင် (၃)ဦးအား ဖမ်းဆီးရမိပြီးဖြစ်သဖြင့် အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်ကလည်း နေပြည်တော်ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ်အဆင့်ရှိသူ သုံးဦးမှာ ပျဉ်းမနားမြို့ရှိ ကာရာအိုကေဆိုင်တစ်ခုအတွင်း ဓားဖြင့် တိုက်ခိုက်ခံခဲ့ရဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly