ရွှေစက်တော်ဘုရားပွဲချိန် သတ်မှတ်နှုန်းထက် ပိုယူသော တဲကျောင်း/တည်းခိုဆောင်များ နာမည်ပျက်စာရင်းသွင်းကာ လုပ်ငန်းပိတ်သိမ်းမည်

ရွှေစက်တော်ဘုရားပွဲချိန် သတ်မှတ်နှုန်းထက် ပိုယူသော တဲကျောင်း/တည်းခိုဆောင်များ နာမည်ပျက်စာရင်းသွင်းကာ လုပ်ငန်းပိတ်သိမ်းမည်

ယခုနှစ် ရွှေစက်တော်ဘုရား ပွဲတော်ချိန်တွင် ဘုရားကြီးဂေါပကအဖွဲ့မှ သတ်မှတ်ထားသည့် စျေးနှုန်းများထက် ပိုမိုတောင်းခံသည့် တဲကျောင်းများ/တည်းခိုဆောင်များအား ချက်ချင်းလုပ်ငန်း ပိတ်သိမ်း၊ နာမည်ပျက်စာရင်း သွင်းကာ နောက်နှစ်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့် လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ဂေါပကအဖွဲ့ ဥက္ကဌဦးမြင့်သိန်းထံမှ သိရှိရသည်။

နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မကွေးတိုင်းဒေသကြီး ၊ မင်းဘူး/စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ယခုနှစ်တွင် နှစ်စဉ် ချပေးခဲ့သည့်  ဌာနဆိုင်ရာ တဲကျောင်းများ ချထားပေးတော့မည် မဟုတ်ဘဲ ဂေါပကအဖွဲ့၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တဲကျောင်း (၁၁)လုံး စီစဉ်ထားရှိမည်ဟု သိရသည်။

ယင်း တဲကျောင်း ၁၁ ကျောင်းတွင် လာရောက်တည်းခိုပါက ရေစပ်တဲကျောင်း ခန်းများ တစ်နေ့လျှင် သုံးသောင်းကျပ်နှုန်း၊ ကုန်းတွင်းတည်ကျောင်းခန်းများ တစ်နေ့လျှင် နှစ်သောင်းကျပ်နှုန်း သတ်မှတ်ထားပြီး သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသော လုပ်ငန်းရှင်များအား ချက်ခြင်းလုပ်ငန်းပိတ်သိမ်းကာ နာမည်ပျက်စာရင်း သတ်မှတ်ပြီး လာမည့်နှစ်များတွင် လုံးဝလုပ်ကိုင်ခွင့်   ပေးမည်မဟုတ်ကြောင်း သိရှိရသည်။

“ နှစ်စဉ်ပွဲဲတော်အချိန်မှာ ဘုရားဖူး မိဘပြည်သူတွေအတွက် တဲကျောင်း တည်းခိုခ စျေးနှုန်းတွေ ကြီးမြင့်ခဲ့တယ်။ ဒီနှစ်လည်း ပြောပြန်ပြီ ။ ပြောပြီး စည်ကမ်းထိန်းသိမ်းရေးက အရေးယူမှုတွေ မလုပ်ခဲ့တော့ အချိန်တန်စျေးတွေမြောက်ကုန်တာပါပဲ။ ဂေါပကအဖွဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်ကမ်းအတိုင်း အမှန်တကယ် ထိထိရောက်ရောက် အရေးယူပေးမယ်ဆိုရင် ဘုရားဖူးပြည်သူ
တွေအတွက် စျေးနှုန်းချိုသာတဲ့ အပြောင်းအလဲမျိုး ဖြစ်လာနိင်ပါတယ် ” ဟုဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဒီနှစ်တော့ ဌာနဆိုင်ရာ တဲကျောင်းတွေ မပေးတော့ဘူး။ ဂေါပကအဖွဲ့ကနေ တဲကျောင်း ၁၁ လုံး သီးသန့်ထားပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘုရားဖူးလာတဲ့အခါ တည်းဖို့စီစဉ်ထားပါတယ်။ တည်းခိုတဲ့အခါ သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရပါ့မယ် ။ ဌာနဆိုင်ရာ အကြီးအကဲများနဲ့ အထက်တန်းကျကျ တည်းခိုလိုသူများအတွက် မည်သူမဆို တည်းခိုလို့ရအောင် နမ္မဒါတည်းခိုဆောင် ထားရှိပါတယ် ။ ဒီနမ္မဒါတည်းခိုဆောင်ဟာ နှစ်စဉ်ဘုရားဘဏ္ဍာငွေနဲ့ ဆောက်လုပ်ခဲ့တယ် ။ ဒီနှစ်တော့ ပုဂ္ဂလိကကို တင်ဒါပေးပါတယ် ။ နမ္မဒါမှာလည်း သတ်မှတ်နှုန်းထားအတိုင်း မည်သူမဆိုလာရောက် တည်းခိုနိင်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဆိုသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်အား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ရ၆ ရက် ကျင်းပမည်ဖြစ်ကာ ယခင်နှစ်များက ဝေဖန်မှုများ များခဲ့သည့်   လှေတင်တံတား ဖြတ်သန်းခ၊ ယာဉ်ရပ်နားခများ လုံးဝကောက်ခံတော့မည်မဟုတ်ကြောင်း၊ ပွဲတော်မောင်းတံနှင့် ငဖဲမောင်းတံများ လုံးဝဖျက်သိမ်းသွားမည်ဖြစ်သည်ဟု သိရသည်။

ပွဲတော်ကာလအတွင်း အရက်သေစာရောင်းချခြင်း လောင်ကစားများပြုလုပ်ခြင်းများ လုံးဝခွင့်ပြုမည် မဟုတ်ဘဲ သတ်မှတ်စည်ကမ်းများအတိုင်းစျေးဆိုင်ထွက်ရှိရမည် ဖြစ်သည်။
တဲကျောင်းလုပ်ကိုင်ခွင့်များအား မဲနှိုက်ချထားပေးခြင်းဖြစ်ပြီး တစ်ဆင့်ငှားရမ်းခြင်း၊ တဲကျောင်းများ လဲလှယ်ခြင်း လုပ်ကိုင်ခွင့်ကို ပြန်လည်ရောင်ချခြင်းများ  လုံးဝမပြုလုပ်ရဟု သတ်မှတ်ထားပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ပါက ဂေါပကအဖွဲ့မှ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly