ရန်ကုန်တိုင်းအတွင်း၌ ၂၀၁၆ခုနှစ်မှာ မုဒိမ်းမှု နှစ်ဆကျော်မြင့်တက်၊ သက်ငယ်မုဒိမ်းမှု ၆၀ ကျော်ပါ၀င်

ရန်ကုန်တိုင်းအတွင်း၌ ၂၀၁၆ခုနှစ်မှာ မုဒိမ်းမှု နှစ်ဆကျော်မြင့်တက်၊ သက်ငယ်မုဒိမ်းမှု ၆၀ ကျော်ပါ၀င်
(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ။            ။ ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု နှစ်ဆခန့် မြင့်တက်ခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၆၄ မှု  ပါ၀င်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု ၁၁၀ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း မုဒိမ်းမှု ၂၂၉ မှု ဖြစ်ပွားခဲ့ကာ အရွယ်ရောက်ပြီးသူ ပြုကျင့်ခံရမှု ၆၉ မှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု ၉၆ မှု နှင့် သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ၆၄ မှု ရှိသည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ သက်ငယ်မုဒိမ်းမှုများ မြင့်တက်လာရခြင်းနှင့်အတူ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကုစားရန် လိုအပ်နေသေးသည်။

"လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်တဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုပဲ မြင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ တစ်သက်လုံးပါသွားမယ့်ကိစ္စမျိုးအထိ ဖြစ်နိုင်ပါတယ်၊ သိမ်ငယ်မှုတွေ၊ လူတောမတိုးတဲ့ကိစ္စတွေအထိ ဖြစ်လာနိုင်ပါတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းပြုကျင့်ခံရသူများကို စိတ်ပိုင်းဆိုင်ရာကုသမှု အားနည်းနေသေးပြီး ကျူးလွန်သူများကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်မှုမျိုးမရှိသေးခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာပြင်ဆင်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးသည်ဟု ညီမျှခြင်းမြန်မာမှ ၄င်းက ပြောသည်။

သက်ငယ်မုဒိမ်းမှုများ၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ အမြတ်ထုတ်မှုများအတွက် တည်ဆဲဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

"ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်မှုတွေအရမ်းအားနည်းပါတယ်။ တစ်ချို့သောအမှုတွေကို မြို့နယ်ရုံးမှာပဲ တင်လိုက်တဲ့အခါမှာ မြို့နယ်ရုံးက သုံးနှစ်ထက်ပိုပြီး ထောင်ဒဏ်ချလို့မရတဲ့အရာမျိုး ဖြစ်တယ်။ အဲ့တော့တစ်ချို့လူတွေက သုံးနှစ်နဲ့ပြန်လွတ်လာတဲ့အခါမှာတော့ ခံရတဲ့သူကိုယ်တိုင်က သူ့ကို ထပ်အနိုင်ကျင့်မလားလို့ စိုးရိမ်မှုတွေဖြစ်စေတဲ့အတွက် ဒီလိုမျိုး ဥပဒေတွေကို ဘယ်တရားရုံးကပဲ စီရင် စီရင်၊ အနိမ့်ဆုံးဘယ်လောက်ထိ သတ်မှတ်နိုင်ရမယ်။ အမြင့်ဆုံးပြစ်ဒဏ်ကို ဘယ်ရုံးမဆို ချမှတ်နိုင်ရမယ်ဆိုတဲ့ဥပဒေပိုင်းတွေပြင်ဆင်ဖို့လိုအပ်တယ်။လက်ရှိအချိန်မှာတော့အားကောင်းမှုမရှိသေးပါဘူး" ဟု ဦးအောင်မျိုးမင်းကပြောသည်။

ရန်ကုန်တိုင်းအတွင်း ထင်ရှားတဲ့ သက်ငယ်မုဒိမ်းမှုအနေဖြင့် ဒဂုံအရှေ့မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် (၅) နှစ်အရွယ် မိန်းကလေးအမှုဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်မှ လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required