တစ်နေ့တစ်ခြားမြင့်တက်လာနေတဲ့ ကုန်စျေးနှုန်းက လမ်းမတွေပေါ်က အခြေခံလူတန်းစားတွေအပေါ် ခြိမ်းခြောက်နေ

တစ်နေ့တစ်ခြားမြင့်တက်လာနေတဲ့ ကုန်စျေးနှုန်းက လမ်းမတွေပေါ်က အခြေခံလူတန်းစားတွေအပေါ် ခြိမ်းခြောက်နေ

မြန်မာနိုုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းနဲ့ အထက် မြင့်တက်လာနေပြီး အခြေခံစားသောက်ကုန်ပစ္စည်းစျေးနှုန်းနဲ့ စွမ်းအင်ပစ္စည်းစျေးနှုန်းတွေဟာလည်း တအိအိနဲ့ မြင့်တက်နေပါတယ်။ ဒီအချက်တွေဟာ လမ်းမတွေပေါ်က အခြေခံလူတန်းစားတွေကိုနေ့စဉ် ခြိမ်းခြောက်လျက်ရှိနေပါတယ်။

လက်ရှိအတက်ဘက်ကိုရောက်နေတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းစျေးနှုန်း ကြီးမြင့်က ဒေါ်ချိုချိုမြင့်တို့လို တစ်နိုင်တစ်ပိုင် ထမင်းဆိုင်လုပ်ငန်းမျိုးမှာတောင်  သက်ရောက်မှုရှိလာနေပါတယ်။ ကုန်စျေးနှုန်းကမြင့်တက်လာနေပြီးလူတွေရဲ့ လက်ထဲမှာပိုက်ဆံရှားပါးလာတာကြောင့် စားသုံးသူတွေကခြွေတာကုန်ပြီလို့ သူမကပြောပါတယ်။

"စျေးရောင်းရတာအရမ်းပါးတယ်။ အရောင်းအဝယ်မကောင်းဘူး၊ လာဝယ်မယ့်သူကိုမျှော်နေရတယ်…။ ခါတိုင်းရောင်းရတာထက် တစ်ဝက်နီးပါး ကျသွားတာပေါ့နော်၊ လူတွေကချွေတာတာလည်းပါတယ်။ ကျွန်မတို့ဆိုခါတိုင်း ၅၀ ကျပ် ပေးပြီး ဝယ်လို့ရတဲ့ ပစ္စည်းတစ်ခုဆိုရင် ၁၀၀ ပေးပြီးဝယ်ရတယ်။ အရင်ကလောက်လည်းအရေအတွက် မရတော့ဘူး၊ ဥပမာချဉ်ပေါင်ရွက်ပေါ့.. အခုဆိုရင် ချဉ်ပေါင်ရွက်တောင် ကြော်မရောင်းတော့ဘူး၊ မကိုက်လို့…ဆန်နဲ့ ဆီစျေးတွေဆိုရင်လည်းတစ်ဖြေးဖြေးနဲ့ တက်လာတာ.." လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်က ထမင်းဆိုင်ပိုင်ရှင် ဒေါ်ချိုချိုမြင့်က သူလက်ရှိဖြစ်နေတဲ့ အတွေ့အကြံုကို ပြောပြပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မှာဆိိုရင်လည်းစျေးသည်တွေရဲ့ ပြောပြချက်အရ နို၀င်ဘာလ ပထမသီတင်းပတ်ကနေစပြီး မဝယ်မနေရ မီးဖိုချောင်သုံးပစ္စည်းပစ္စည်းစျေးနှုန်းတွေ တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာတာဟာ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ၅၀ အထိ မြင့်တက်လာတယ်လို့ ပြောဆိုကြပါတယ်။ (ဥပမာချဉ်ပေါင်ရွက် တစ်စည်း ၅၀ မှ ယခုလတွင် ၁၀၀ ဖြစ်သွား)ဒါကြောင့် အချို့စားသောက်ဆိုင်များအနေနှင့် ၂၅ ရာခို်င်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိစျေးတင်ေရောင်းချသည်များလည်းရှိနေပါတယ်။

တစ်ခါ ကုမ္ပဏီတစ်ခုမှာလစာတစ်သိန်းကျပ်နဲ့ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ ဒီအမျိုးသမီးကိုရန်ကုန်ကညနေခင်းစျေးတစ်ခုမှာတွေ့တော့ နှစ်ကုန်ခါနီးအတက်ဘက်မှာရပ်တည်နေတဲ့ စားသောက်ကုန်ပစ္စည်းစျေးနှုန်းကြောင့် သူမဘယ်လိုစီမံခန့်ခွဲနေရသလဲဆိုတာကိုမေးကြည့်ထားပါတယ်။

"အခုဆိုရင် စျေးနှုန်းတွေကအကုန်တက်၊ အကုန်တက်တော့ ခြိုးခြံပြီးတော့ ဝယ်ရတယ်။ အရင်တုန်းက ၁၀၀၀ ပေးရတဲ့နေရာမှာ ၁၅၀၀ ပေးပြီး စျေးဝယ်ရတယ်၊ ၅၀၀ ကျမယ့်နေရာမှာ ရ၀၀-၈၀၀ ပေးပြီးဝယ်ရတယ်၊ အဲလိုမျိုးတွေ ၀ယ်ရတယ်၊ ကျွန်မတို့ အလုပ်သမားတွေကတော့ တစ်နေ့လုပ် တစ်နေ့စား ဘဝသမားတွေဆိုတော့ ဒီလစာနဲ့ ခြွေတာစားရတယ်.. နေ့တိုင်းလုံလောက်ဖို့အတွက်ကို" လို့ ပုဇွန်တောင်မြို့နယ်က သန့်ရှင်ရေးဝန်ထမ်း ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

ပုဇွန်တောင်မြို့နယ် စျေးကစျေးတစ်ခုမှာ နှစ်ပေါင်း ၃၀ ကျော်ကြာဆန်တစ်မျိုးတည်းကို အဓိကထား ရောင်းချနေတဲ့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ ၁၀နှစ်ကျော် ဟင်းသီးဟင်းရွက် ရောင်းချသူအမျိုးသမီးတစ်ဦးကို လက်ရှိဖြစ်ပေါ်နေတဲ့ စားကုန် စားရိတ်ကြီးမြင့်မှုတွေနဲ့ ပတ်သတ်ပြီး သူတို့အမြင်နဲ့ နေ့စဉ်ကြံုတွေ့နေရတဲ့ အတွေ့အကြံုတစ်ချို့ကိုမေးကြည့်ထားပါတယ်။

"စျေးတက်တဲ့အခါကျတော့ ဝယ်သူနဲ့ ရောင်းသူအဆင်မပြေဘူး၊ အစ်မရယ် စျေးတက်လို့ပါ၊ ၁၀လောက်ပိုပေးပါ၊ ၂၀ လောက် ပိုပေးပါ၊ သူတို့ကလည်းမကိုက်ဘူးပြန်ပြောတယ်..။ ကိုယ်ကလည်းအားနာပြီးတော့ အရင်းအတိုင်းဖြစ်ဖြစ် ဖောက်သည်ဖြစ်အောင် တစ်ခါတစ်လေကျရင် လုပ်ပေးရတာအများကြီးပဲ။" လို့ ပုဇွန်တောင်မြို့နယ်က ဆန်ဆိုင်ပိုင်ရှင် ကိုမောင်မောင်မြင့်က ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်က ဟင်းသီးဟင်းရွက်ရောင်းချသူ ဒေါ်ချိုချိုဝင်းကလည်း "ကုန်စျေးနှုန်းမြင့်လာတာက တစ်ကြောင်း၊ စီးပွားရေးက အဆင်မပြေတာက တစ်ကြောင်းဆိုတော့ စားဖို့သောက်ဖို့ကျတော့ သူသူကိုယ်ကိုယ်လေ၊ လက်လုပ် လက်စားဘဝကြတော့ တစ်နေ့လုပ် တစ်နေ့စားဆိုတော့ ..အလုပ်မရှိတစ်ရက် ရှိတစ်ရက် လူတွေဆိုပိုဆိုးတာပေါ့။" လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကိုလွန်ခဲ့တဲ့ ၃ နှစ် အတွင်းကနေစတင်ပြီး နှစ်စဉ် ရ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိရှိတယ်လို့တော့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းတွေကမှတ်တမ်းပြုစုထားပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ လက်ထဲမှာငွေကြေးရှားပါးလာနေတာတွေကလည်း အခုဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကိုကာပြန်နိုင်ဖို့ အခက်ကြံုနေရပါတယ်။

အစကောင်းမှ အနှောင်းသေချာတယ်လို့ပဲ ပြောရမလား။ ခေတ်အဆက်ဆက် အားနည်းလျက်ရှိတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အလေ့အကျင့်ကောင်းတွေက တစ်ဘက်မှာ စိန်ခေါ်စရာတွေအဖြစ် ကျန်နေတုန်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required