မိုးကုတ်မြို့ရှိ ကျောက်တွင်းပြိုကျမှုကြောင့် လုပ်သား ၆ ဦး ပိမိသေဆုံးခဲ့သည့်အပေါ် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟုဆို

မိုးကုတ်မြို့ရှိ ကျောက်တွင်းပြိုကျမှုကြောင့် လုပ်သား ၆ ဦး ပိမိသေဆုံးခဲ့သည့်အပေါ် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟုဆို
ကျောက်တူးဖော်မှု လုပ်ကိုင်နေသော လုပ်သား တစ်ဦးအား တွေ့ရစဉ်။

ရန်ကုန်၊ ဇန်နဝါရီလ ၁ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကျောက်တွင်းပြိုကျမှုကြောင့် လုပ်သား ၆ ပိမိသေဆုံးခဲ့သည့် အပေါ် နစ်နာမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် ဆောင်ရွက်ပေးမည်ဟု မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူအလုပ်သမားများ နစ်နာမှု မရှိစေရေးအတွက် အလုပ်ရှင် နှင့် အလုပ်သမား ညှိနှိုင်းရေးအဖွဲ့၊ ကျောက်တွင်းပြိုကျမှုတွင် အဓိက တာဝန်ရှိဆုံးဖြစ်သည့် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ ညှိနှိုင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၆ နာရီခွဲခန့်က မိုးကုတ်မြို့နယ်၊ သဒွတ်သျှို ကျေးရွာအုပ်စု၊ ကျောက်ဆောင်ကျေးရွာရှိ ရတနာရှင်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင်မှ ကျောက်တွင်း ပြိုကျခဲ့ဖြစ်ကြောင်းသိရသည်။

အလုပ်သမားများမှာ ကျောက်တွင်း၏ ပေ ၁,ဝဝဝ အနက်ခန့်တွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး အပေါ်ပိုင်းပေ ၃ဝဝ ခန့်ရှိ ဘေးမှ ကျောက်ချပ်လွှာများ ကွာကျကာ လုပ်သား ၆ ဦးပိမိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူမရှိကြောင်း ဦးကံထူးကဆိုသည်။

"လုပ်ငန်းရှင်တွေကိုတော့ ကျွန်တော်တို့က လုပ်ငန်းကို စိတ်ချယုံကြည်ရမှ၊ ဘေးအန္တရာယ်ကင်းရှင်းမှ ပြန်လုပ်ဖို့ တားထားပြီးတော့ အလုပ်ရှင်၊ အလုပ်သမား ဖြေရှင်းရေးအဖွဲ့တွေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒီကလေးတွေအတွက် ထိုက်သင့်တဲ့ ရသင့်ရထိုက်တဲ့ ဟာတွေဆောင်ရွက်ပေးမယ်ပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့က ကျောက်မျက်ဥပဒေအတိုင်းလည်း သွားမှာပေါ့နော်။ သူ့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင် ရွက်မှာပါ။"ဟု ဦးကံထူးက ရှင်းပြသည်။

သေဆုံးသူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ အသက် ၂ဝ ကျော်အရွယ်ခန့် လူငယ်များဖြစ်ပြီး လက်ရှိတွင် မိသားစုများ၏ ဆန္ဒအရ ရုပ်အလောင်းများကို ၎င်းတို့၏ ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သိရသည်။

အဆိုပါပြိုကျမှုနှင့် ပတ်သက်၍ ကျောက်တွင်းပိုင်ရှင် ရတနာရှင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီကို မဇ္ဈိမက ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

"ပထမဆုံးအလုပ်ရှင်တွေ အနေနဲ့ကတော့ ဘေးအန္တရာယ်ကင်းရှင်းအောင် ကြိုတင်စီစဉ်် ဆောင်ရွက်မှုတွေ လုပ်သင့်တယ်ပေါ့နော်။ ဒီလိုမျိုးဖြစ်ရပ်တွေ မဖြစ်သင့်ဘူးလို့ ကျွန်တော်ကတော့ ထင်တယ်။ သေသေချာချာလည်း လုပ်သင့်တယ်။"ဟု မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောပြသည်။

အဆိုပါ ကျောက်တွင်းပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးမှုကို ဒီဇင်ဘာလ ၃ဝ ရက်က မိုးကုတ်မြို့နယ်ရဲ စခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးခဲ့ပြီး ယခုလက်ရှိတွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ တင်လိုက်ပြီးဖြစ်ကြောင်း မိုးကုတ်မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required