ချဉ်ချဉ်စပ်စပ် ငါးသံပရာပေါင်း

ချဉ်ချဉ်စပ်စပ် ငါးသံပရာပေါင်း

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ နှစ်သစ်ကူးရက်နဲ့ တိုက်ဆိုင်နေတော့ အိမ်မှာ မိသားစုနဲ့ နှစ်ကူးကြိုရင်း အလွယ် တကူလုပ်စားနိုင်မယ့် ငါးသံပုရာပေါင်းလုပ်နည်းလေးပြောပြပေးပါမယ်။ ငါးကင်တွေ၊ အကင်တွေ စားရတာရိုးနေပြီမို့ ချဉ်ချဉ်စပ်စပ် ငါးသံပရာပေါင်းလေးက ရာသီဥတုနဲ့ အံကိုက်ပါပဲ။ အချိန်လည်း မကုန်၊ ချက်ရတာလည်း လွယ်ပြီး အရသာရှိလို့ နှစ်ကူးညအတွက် အထူးသင့်တော်ပါတယ်။ ရာသီဥတုအေးအေးလေးမှာ ဟင်းရေ ပူပူလေးသောက် ငါးအရသာ ချိုချိုလေးကို အချဉ်ရည်လေးနဲ့ တို့စားလိုက်ရရင်တော့ ဆွေမျိုးမေ့ပါပဲ။

အခု ငါးသံပုရာပေါင်းအတွက် စတင်ပြင်ဆင်ရအောင်
 ဒီနေ့ ငါးသံပုရာပေါင်းအတွက် ကက္ကတစ်ငါးကို အသုံးပြုထားပါတယ်။ တီလာဗီးယားငါးလည်း သုံးလို့ ရပါတယ်။ ပေစိိလက်ရာကတော့ ကက္ကတစ်ငါးသုံးတာက သူက အချိုလည်း လေးတယ်။ အရိုးလည်း မများဘူး။  အသားကလည်း နူးညံ့လို့ပါ။

 ကက္ကတစ်ငါး ၃၀သား

နံနံပင် အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ဖက်ဖယ်ရွက်(ခ)ဖက်ဖိုင်(ခ) တံငါငရုတ်လို့ခေါ်တဲ့ အရွက် အနည်းငယ်

ပင်စိမ်း အနည်းငယ်

 ရှမ်းနံနံ အနည်းငယ်

ရှာလကာရည် အနည်းငယ်

ငံပြာရည် အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

စပါးလင် အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

 ဖက်ဖယ်ရွက်(ခ)ဖက်ဖိုင်(ခ) တံငါငရုတ်လို့ ဒေသအခေါ်အဝေါ်တွေ ကွဲပြားတဲ့  အရွက် ပုံလေးပြထားပေးပါတယ်။

ငါးသံပုရာပေါင်းလုပ်ဖို့ ငါးကို   ဗိုက်ခွဲ ၊ အကြေးခွံဖယ် သန့်စင်၊ ပြီးရင် ဓားနဲ့ မွှန်းပြီး၊ ဆား၊ ငံပြာရည် ဆနွင်းနည်းနည်းနဲ့ နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။

ငါးနှပ်ထားတဲ့အချိန်မှာ ငါးထည့်ပြုတ်ဖို့အတွက် ပြင်ဆင်ထားလို့ ရပါတယ်။ ငါးထည့်ပြုတ်ရင် အညှီနံ့ပျောက်အောင် ချင်းအနည်းငယ် ၊ စပါးလင် ၂ ပင်ကို ထုထောင်းပြီး အထုံးလုပ်ထည့်ကာ ကြက်သွန်ဖြူနည်းနည်းနဲ့ ပင်စိမ်းရွက်တို့ကို ရေစပ်စပ်နဲ့ ပြုတ်ပါ။ အရသာအတွက် ငံပြာရည်၊ ဆားနဲ့ ရှာလကာရည် တို့ကို ထည့်ပါ။ ဒါမှ ချဉ်ငံစပ်ဟင်းရည်လေး ရမှာပါ။

ကဲ ဟင်းရေပွက်ပွက်ဆူအောင် တည်ထားပြီးရင် ငါးရဲ့ဗိုက်ထဲကို ထည့်အစာသွပ်ဖို့ အဆာပလာလေး လုပ််ရအောင်။ ငါးဗိုက်ထဲကို ထည့်ဖို့ အဆာကတော့ ကြက်သွန်ဖြူ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း ရှမ်းနံနံရွက်တို့ကို ညက်နေအောင်ကြိတ်ပါ။ ကြိတ်ထားတဲ့ အရွက်တွေကို ရှာလကာရည်နည်းနည်း၊ ငံပြာရည် နည်းနည်းနဲ့ နယ်ပါ။ ဒါဆိုရင် ငါးဗိုက်ထဲထည့်ဖို့ ချဉ်ငံစပ် ငါးအဆာလေးရပါပြီ။

အဲ့ဒီတော့ ငါးအဆာကို ငါးဗိုက်ထဲ သွပ်ပြီး ထွက်မကျအောင် နှီးလေးနဲ့ တုပ်ပါ။

ပြီးရင်တော့ အစောတုန်းက တည်ထားတဲ့ ဟင်းရည်အိုးထဲ ထည့်ပါ။ ၁၅မိနစ်နေရင် ငါးကို တစ်ဖက်လှန်ပေးပါ။ ငါးက အကြာကြီး ပြုတ်စရာမလိုပါဘူး။  ငါးကျက်ပြီဆိုရင် မီးပိတ်ပြီး သံပုရာသီး တစ်စိတ်လောက်ကို အိုးထဲကို အရည်ညှစ်ထည့်ပါ။ သတိပြုရမှာက မီးပိတ်ပြီးမှ ထည့်ရမှာပါ။ မဟုတ်ရင် ခါးသွားတတ်လို့ပါ။

သူနဲ့ တွဲဖက်စားဖို့ အချဉ်ရည်ဖျော်နည်းလေး ပြောပြပေးပါမယ်။

အကင်ဆိုင်တွေ ဘီယာဆိုင်တွေ မှာ ပေးတဲ့ ဘိတ်(မြိတ်)ချဉ်ဆိုတာလေး အရင်ပြောပြပါမယ်။ သူ့အတွက်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ ရှာလကာရည် စတီးဇွန်း ၁ဇွန်း၊ ငံပြာရည် စတီးဇွန်း ၁ဇွန်း၊  ဆားအနည်းငယ် နဲ့ ပဲငံပြာရည်အနောက် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရောဖျော်လိုက်ရင် အရမ်းမို်က်တဲ့ ဘိတ်(မြိတ်)ချဉ်လေးရပါပြီ။

နောက်တစ်မျိုးက နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ရောကြိတ်ပြီး သံပုရာရည် အနည်းငယ်၊ ငံပြာရည် အနည်းငယ်နဲ့ ရောဖျော်ထားတာပါ။ သူက အသားကင်တွေ ငါးကင်တွေနဲ့ တွဲစားလို့ ကောင်းပါတယ်။ အရသာပြင်းရှရှလေးရှိလို့ ငါးသံပုရာပေါင်းနဲ့ တွဲစားဖို့ အရမ်းလိုက်ဖက်ပါတယ်။

ကဲ အခုဆိုရင် ချဉ်ငံစပ် အရသာ ငါးသံပုရာပေါင်းရပါပြီ။ နှစ်ကူးညရဲ့ ချမ်းအေးတဲ့ ညမှာ မိသားစုနဲ့ ပဲစားစား ၊ မိတ်ဆွေဘော်ဒါ အပေါင်းသင်းတွေနဲ့ပဲ မြည်းမြည်း လုံးဝပြီးပြည့်စုံတဲဲ့ အမယ်တစ်ခုပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required