မန်စီးတီးတိုက်စစ်ကို အဂူရိုဦးဆောင်ရန်အသင့်ဟု လီဗာပူးလ်အသင်းအား ဂွာဒီယိုလာသတိပေး

မန်စီးတီးတိုက်စစ်ကို အဂူရိုဦးဆောင်ရန်အသင့်ဟု လီဗာပူးလ်အသင်းအား ဂွာဒီယိုလာသတိပေး

ဒီဇင်ဘာ ၃၁၊ မန်ချက်စတာ။        ။ နှစ်သစ်ကူးညနေခင်းတွင် အန်ဖီးလ်ကွင်း၌ တွေ့ကြမည့်ပွဲအတွက် မန်ချက်စတာစီးတီးတိုက်စစ်ကို အဂူရိုဦးဆောင်ရန်အသင့်ဟု လီဗာပူးလ်အသင်းအား ဂွာဒီယိုလာက သတိပေးလိုက်သည်။

စီးတီး၏ဂိုးသွင်းအများဆုံးကစားသမားသည် ချယ်လ်ဆီးနှင့်ပွဲမှ အနီကတ်ပြစ်ဒဏ်ကြောင့် နောက်ဆုံးလေးပွဲကိုလွဲချော်ခဲ့ရပြီး ခရစ္စမတ်ကာလကို အာဂျင်တီးနားရှိနေအိမ်တွင် ကုန်ဆုံးခဲ့သည်။

သို့သော် နှစ်ပေါင်း ၃၅ နှစ်အတွင်း အန်ဖီးလ်ကွင်းတွင် ဒုတိယမြောက်နိုင်ပွဲရရန်စောင့်စားနေသည့် စီးတီးတို့အတွက် ပရီးမီးယား လိဂ်အမှတ်ပေးဇယား ဒုတိယနှင့် တတိယ အသင်းနှစ်သင်း ထိပ်တိုက်တွေ့သည့်ပွဲ၌ အဂူရိုသည် ဂျာဂင်ကလော့ပ်၏အသင်းကို ရင်ဆိုင်ရန်အသင့်ရှိနေပြီဟု ဂွာဒီယိုလာက အခိုင်အမာဆိုသည်။

အာဂျင်တီးနားတိုက်စစ်မှူးသည် စက်တင်ဘာလအတွင်းကလည်း သုံးပွဲပယ်ခံခဲ့ရသေးသော်လည်း ဂွာဒီယိုလာက “သူ အသင့်ဖြစ်နေပြီ။ အာဂျင်တီးနားကနေ ပုံစံကောင်းနဲ့ပြန်လာတယ်။ သုံးပွဲနဲ့ လေးပွဲ၊ အားလုံးပေါင်း ခုနစ်ပွဲပယ်ခံရအပြီးမှာ သူပြန်လာခဲ့ပြီ။ ကျွန်တော်တို့ သိပ်ပျော်တယ်”ဟု ဂွာဒီယိုလာက ပြောသည်။

အင်္ဂါနေ့တွင် လီဗာပူးလ်က စတုခ်စီးတီးကိုအနိုင်ရသည့်ပွဲကို အန်ဖီးလ်သို့သွားရောက်ကြည့်ရှုခဲ့သည့် ဂွာဒီယိုလာက စီးတီး အနေဖြင့် လီဗာပူးလ်အသင်း၏စွမ်းအားမျိုးနှင့်တူညီရန် လိုအပ်သည်ဟုလည်း အသိအမှတ်ပြုစကားဆိုသည်။

နည်းပြနှစ်ဦးသည် ဂျာမနီတွင် ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်နည်းပြအဖြစ်လည်းကောင်း၊ ကလော့ပ်က ဘိုရပ်ရှား ဒေါ့မွန် နည်းပြအဖြစ်လည်းကောင်း ရှစ်ကြိမ်ရင်ဆိုင်ရဖူးစဉ်က လေးကြိမ်စီ အပြန်အလှန် အနိုင်ရထားကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required