အကောင်းအဆိုး၊ အကျိုးအကြောင်းတွေနဲ့ ၂၀၁၆ ကို ပြန်လည်သုံးသပ်ခြင်း

အကောင်းအဆိုး၊ အကျိုးအကြောင်းတွေနဲ့ ၂၀၁၆ ကို ပြန်လည်သုံးသပ်ခြင်း

 ၂၀၁၆ ခုနှစ်ဟာ အချိုးအကွေ့ပေါင်း များစွာနဲ့ ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်သူတွေ မျှော်လင့်ချက်တွေကို ယူဆောင်လာပေးနိုင်သည့် ကောင်းကွက်တစ်ချို့ ရှိနေခဲ့သလို ဆိုးကွက်တွေလည်း ရှိနေခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ခဲ့သလို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာနေခဲ့တာတွေလည်း ရှိနေခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၆ ခုနှစ်ဟာ မြန်မာပြည်သူတွေရဲ့ အချိုးအကွေ့တစ်ခုအဖြစ် ကြီးကြီးမားမား ရိုက်ခတ်နိုင်စွမ်းရှိတာကိုတော့   ငြင်းချက် ထုတ်စရာမလိုအောင် ဖြစ်နေစေခဲ့ပါတယ်။

 လွှတ်တော်အသစ်၊ နိုင်ငံရေးအခင်းအကျင်းအသစ်

 "ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့" ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် တက်ရောက်ချိန်ကို ပြည်သူအားလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီးတော့ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ခန့်အပ်ခဲ့ပြီးတော့ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ခန့်အပ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကရင်တိုင်းရင်းသားဖြစ်သူ မန်းခိုင်ဝင်းသန်းကို တင်မြှောက်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကို ရွေးချယ်ခဲ့ကြပါတယ်။ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ အဲ့ဒီအတွက် အရပ်သားလွှတ်တော် ကိုယ်စားလှယ်အများစု နေရာရခဲ့ကြတဲ့ လွှတ်တော်အခင်းအကျင်းသစ်ကို ၂၀၁၆ ခုနှစ်အတွင်း အလှုပ်ခတ်ဆုံး ပုံစံတစ်ခုအဖြစ် ရွေးချယ်ထားပါတယ်။

အစိုးရသစ်၊ ဒီမိုကရေစီအစိုးရ ၊ အရပ်သားအစိုးရ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

အရပ်သားအစိုးရလို့ ပြည်သူတွေခေါ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာလွှဲယူတဲ့ အဖြစ်အပျက်ကိုလည်း ၂၀၁၆ မှာ ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုပါပဲ။ နိုင်ငံရေးအလှည့်အပြောင်းအဖြစ် အစိုးရသစ်အပေါ်မှာ ပြည်သူတွေက မျှော်လင့်ချက်တစ်ခုအနေနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၉) ဦးမြောက်သမ္မတ အဖြစ် ဦးထင်ကျော်ကို မတ်လ ၁၅ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြပြီးနောက် မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်လက်ကနေ အာဏာလွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ ၂၀၁၆ ခုနှစ်အထိ အသက်ဝင်နေခဲ့တဲ့ အသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုသမ္မတများ၏ လုပ်ပိုင်ခွင့်ထက် ပိုတဲ့ အခွင့်အာဏာဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဧပြီလအတွင်း ခန့်အပ်ခဲ့ခြင်းဟာလည်း ၂၀၁၆ ခုနှစ်အတွင်း အလှုပ်ခတ်ဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ပြည်သူရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရသစ်ပေါ်ပေါက်လာခြင်း၊ ဒီမိုကရေစီအစိုးရ အရပ်သားအစိုးရ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခန့်အပ်ခြင်းများကို ၂၀၁၆ ခုနှစ်အတွင်း လှုပ်ခတ်နိုင်စွမ်းရှိတဲ့ သတင်းတစ်ပုဒ်အဖြစ် မဖြစ်မနေ ရွေးချယ်ထားပါတယ်။

 အာဇာနည်နေ့(သို့) ပြောင်းလဲလာတဲ့ တပ်မတော်၏ သဘောထား

 ၆၉ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားက ၂၀၁၆ခုနှစ်အတွင်းမှာ ပြည်သူအားလုံးရဲ့ စိတ်ကိုဆွဲဆောင်စေ နိုင်ခဲ့ပါတယ်။  အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တာဟာ ထူးခြားတဲ့ အလှည့်အပြောင်း တစ်ခုပါပဲ။ ဒါဟာအာဇာနည်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အလေးပြုနေတဲ့ မြင်ကွင်းကို ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေရာမှ ပြန်လည်မြင်တွေ့ခဲ့ရတာပါ။ နောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်မှာပြုလုပ်တဲ့ တရားနာဆွမ်းကျွေး အခမ်းအနားကို တက်ရောက်ခဲ့ခြင်းကြောင့် အစိုးရသစ်နဲ့ တပ်မတော်ကြား ရင်ကြားစေ့ရေးဟာ အဆင်ပြေနေပြီလားလို့  ပြည်သူတွေကြားမှာ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပါတယ်။

 သဘာဘေးအန္တရာယ်(သို့) မျက်ရည်များနဲ့ပုဂံ

 ၁၉ရ၅ ခုနှစ်အပြီး နှစ်ပေါင်း ၄၁ အကြာမှာ ပြန်လည်လှုပ်ခတ်ခဲ့တဲ့ ပုဂံငလျင်ကြောင့် ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်သူတွေ စိတ်ထိခိုက် ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။ ဘုရားစေတီပုထိုးပေါင်း ၄၀၀ ခန့်ထိခိုက်ပျက်စီးခဲ့ရတဲ့ ပုဂံငလျင်ရဲ့ ပြင်းအားဟာ ၆.၈ ပမာဏ အထိ ရှိနေခဲ့ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်အရ ထိပ်တန်းကျလှတဲ့အပြင် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်စရာနေရာအဖြစ် ရှိနေခဲ့တဲ့ ပုဂံဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာမှုများပြားခဲ့ပါတယ်။ ငလျင် လှုပ်ခတ်ပြီး ဘုရားစေတီအချို့ပေါ် တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သလို အချို့နေရာများကိုလည်း သွားရောက်ခွင့်ပိတ်ပင်ထားဆဲပါ။

ငလျင်လှုပ်ခတ်ပြီးနောက် နံရံဆေးရေးပန်းချီများထိခိုက်မှုအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများရဲ့ ထိခိုက်ဆုံးရှုံးမှု ပမာဏကို သိရှိဖို့ လေ့လာသုံးသပ်မှုများကို ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေက ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အကောင်းရှိရင် အဆိုးလည်း ရှိတတ်တာမို့ ပုဂံငလျင်သတင်းဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ စိတ်ထိခိုက်စရာ ကောင်းလှတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ခြင်း ဖြစ်ပါတယ်။

 ၂၁ရာစု ပင်လုံညီလာခံ(သို့) ငြိမ်းချမ်းရေးအတွက် တံခါးတစ်ချပ်

 အပစ်အခတ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော မထိုးထားသေးတဲ့အဖွဲ့တွေပါ တက်ရောက်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံက ၂၀၁၆ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းရေးမျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့ပါတယ်။ သို့ပေမယ့် ညီလာခံမကျင်းပမီရော ကျင်းပပြီးနောက်ပိုင်းမှာပါ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းက ငြိမ်းချမ်းရေးအပေါ် အတော်အတန် တင်းမာမှုတွေ ရှိနေစေခဲ့ပါတယ်။ သို့ပေမယ့် ၂၁ ပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးပါတီများနဲ့ ပါ၀င်သင့် ပါ၀င်ထိုက်တဲ့သူအားလုံး ပါ၀င်ဆွေးနွေးခဲ့ကြတာတွေတော့ မငြင်းနိုင်စရာအချက်တွေပါပဲ။ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံက ပထမဆုံး ဆွဲဖွင့်ခဲ့တဲ့ တံခါးတစ်ချပ်အဖြစ် ၂၀၁၆ ခုနှစ်မှာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

 အင်းဝအပ်ချုပ်ဆိုင်အမှု(သို့) လူ့အခွင့်အရေးအတွက် ခေါင်းလောင်းထိုးသံ

 မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမီဒီယာစာမျက်နှာထက်များကို ပျံ့နှံသွားခဲ့တဲ့ ကိစ္စကတော့ အင်းဝ အပ်ချုပ်ဆိုင် အမှုပဲဖြစ်ပါတယ်။ အိမ်အကူမိန်းကလေးနှစ်ဦးကိုညှင်းပန်းနှိပ်စက်အမှုဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံ ရောက်ရှိခဲ့ပေမယ့် လျော်ကြေးငွေ သိန်းငါးဆယ် ပေးချေညှိနှိုင်းမှုကို တရားမျှတမှုမရှိကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် အင်းဝအပ်ချုပ်ဆိုင်ကလူများကို ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှုများဖြင့် တရားစွဲဆိုထားပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးဆဲဖြစ်သည်။ အင်းဝအပ်ချုပ်ဆိုင်အမှုဖြင့့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်၌ ပါ၀င်ပတ်သက်သူများကို အရေးယူပေးဖို့ အဆိုတင်သွင်းခဲ့ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းအပါအဝင် အဖွဲ့ဝင်အချို့ကို ကော်မရှင်ရာထူးကနေ ဖယ်ရှားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်(သို့) ရခိုင်ပြဿနာအတွက် ဖြေဆေးတစ်ခွက်

 ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ကို အဖွဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ဖွဲ့စည်းပေးခဲ့တာကလည်း လူပြောသူပြောများတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ သဘာဝသယံဇာတပေါကြွယ်လှပြီး ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းနောက်ခံများ၊ နယ်စပ်ဖြတ်ကျော်ပြဿနာ ၊ လူမျိုးရေး၊ ဘာသာရေးအရ ထိလွယ်ရှလွယ်တဲ့ ပြဿနာများနဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်းတွေကို ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှာ တာဝန်ရှိနေပါတယ်။ ကော်မရှင်အနေနဲ့ တစ်နှစ်အတွင်း အစီရင်ခံစာတစ်စောင်ကို အစိုးရထံ တင်သွင်းသွားရမှာဖြစ်ပြီး ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ကြားဖြတ်အစီရင်ခံတင်ဖို့ ရှိနေပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ကို ခန့်အပ်ကာစတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ လူတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 ရှမ်းမြောက် နဲ့ ကချင်ပြည်နယ်မှ တိုက်ပွဲများ

 ၂၁ ပင်လုံညီလာခံ မကျင်းပမှီနဲ့ ကျင်းပပြီးချိန်တွင် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများဟာ မကြာခဏဆိုသလို ဖြစ်လာနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့( MNDAA) ၊ ရက္ခိုင့် တပ်မတော်(AA) တို့ ပူးပေါင်းပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မုံးကိုး ၊နမ့်ခမ်း နဲ့ ပန်ဆိုင်း ၊ကွတ်ခိုင်မြို့များကို ကန့်သတ်စစ်လို့ ပြောဆိုကာတိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် မြန်မာ- တရုတ်နယ်စပ် တစ်လျှောက်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ သေနတ်သံတွေ ပြန်လည်ထွက်ပေါ်လာနေခဲ့ပါတယ်။  ဒါအပြင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ ကြား တိုက်ခိုက်မှုတွေကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ မကြာခဏ ဆိုသလို ဖြစ်ပေါ်လာနေတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်း လေးလကျော်မျှ တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ နာမည်ကျော် ဂီဒုန်စခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

 ပုဒ်မ(၆၆) ဃ (သို့) မမျှတသောတရားဥပဒေ

 ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားလာတဲ့ကိစ္စတစ်ခုမှာ ပုဒ်မ(၆၆) ဃ နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ အမှုတွေပဲဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ပြည်သူ့အစိုးရ ဒီမိုကရေစီအစိုးရလက်ထက်တွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်အပေါ် ခြိမ်းခြောက်စပြုလာနေပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆) ဃ ဖြင့် တရားစွဲဆိုခြင်းခံထားရတဲ့ အမှုပေါင်းဟာ ၄၅ မှုအထိ ရှိနေခဲ့ပြီး အဲ့ဒီအထဲမှာ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် နဲ့ NLD ရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမျိုးရန်နောင်သိမ်းတို့ အပါအဝင် ဖြစ်နေပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်အနေနဲ့ ဦးမျိုးရန်နောင်သိမ်းကို စွဲဆိုခဲ့တဲ့ တရားလိုက တပ်မတော်ဘက်ကဖြစ်ပြီး ဒေါက်တာသန်းထွဋ်အောင်ကို တရားလိုလုပ် စွဲဆိုခဲ့သူကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဖြစ်ပါတယ်။ အရင်တုန်းက ဒီဥပဒေဟာ အစိုးရပိုင်း နှင့် တပ်မတော်ဘက်က တာဝန်ရှိသူများကို ပုတ်ခတ်စော်ကားမှသာ ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပေမယ့် အခုဆိုရင် ပြည်သူအချင်းချင်း တရားစွဲဆိုမှုများလည်း  ရှိနေခဲ့ပါတယ်။ 

သက်ငယ်မုဒိမ်း(သို့) မြန်မာ့လူ့အဖွဲ့အစည်းအတွက်မေးခွန်းထုတ်ရမည့် ပုစ္ဆာတစ်ပုဒ်

 ၂၀၁၆ ခုနှစ်အတွင်း သိသာထင်ရှားလာတဲ့နောက်တစ်ခုကတေ့ာ သက်ငယ်မုဒိမ်းမှုတွေများပြားလာခြင်းပဲဖြစ်ပါတယ်။ အခုလက်ရှိချမှတ်နေတဲ့ သက်ငယ်မုဒိမ်းမှုပြစ်ဒဏ်တွေဟာ နည်းပါးနေတာကြောင့် သေဒဏ်အထိ ချမှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရှိနေခဲ့တာပါ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေနဲ့ သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ်အနှစ်နှစ်ဆယ်အထိ ချမှတ်နိုင်ဖို့ ဥပဒေရေးဆွဲပြီး ဖြစ်ပါတယ်။ သို့ပေမယ့် သက်ငယ်မုဒိမ်းမှုကတော့ လျော့သွားခြင်းမရှိပဲ ပိုလို့သာ တိုးလို့လာနေပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ သက်ငယ်မုဒိမ်းကျင့်မှုတွေဟာ ရင့်ကျက်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရှုံ့ချစရာတစ်ခုလို  ဖြစ်နေပေမယ့်   မြန်မာနိုင်ငံအတွင်းမှာတော့ သက်သက်သာသာ ပြစ်ဒဏ်ချမှတ်မှုတွေကြောင့်ယုတ်လျော့သွားခြင်းမရှိပါဘူး။ ၂၀၁၆ ခုနှစ်အတွင်း ကျူးလွန်ခဲ့ပြီးသော မုဒိမ်းမှုများအနက် ၆၁ ရာခိုင်နှုန်းဟာ ကလေးသူငယ်မုဒိမ်းမှုဖြစ်နေတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။

 ၂၀၁၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေး ရေချိန်ဟာ တိုးလာလေမလား။ ပိုမိုတရားဥပဒေစိုးမိုးပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေနဲ့ အရှေ့ကိုတက်လှမ်းနိုင်မယ့် နိုင်ငံတစ်ခုဖြစ်ဖို့ အားပြုနိုင်ပါစေလို့ ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly