စတာလင်းထွက်ခွာသွားပြီးနောက် လီဗာပူးလ်တွင်နေရာပိုရရန် အိုင်ဘီရည်မှန်း

စတာလင်းထွက်ခွာသွားပြီးနောက် လီဗာပူးလ်တွင်နေရာပိုရရန် အိုင်ဘီရည်မှန်း

ဇူလိုင် ၂၁၊ လီဗာပူးလ်။ ။ မန်စီးတီးသို့ စတာလင်းပြောင်းရွှေ့သွားပြီးနောက် နည်းပြဘရန်ဒန်ရော်ဂျာ၏ လီဗာပူးလ်အသင်းတွင် နေရာပိုမိုရရှိလာရန် တောင်ပံကစားသမား အိုင်ဘီက ရည်မှန်းနေသည်။

ရာသီကြိုခရီးစဉ်အတွင်းခြေစွမ်းပြနေသည့် အသက် ၁၉ နှစ်အရွယ် အိုင်ဘီသည် မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့်ပြောင်းသွားသည့် စတာလင်း၏နေရာတွင် အစားဝင်နိုင်မည့်သူဟု လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကလည်း ထင်ကြေးပေးထားသည်။

ဘာမင်ဂမ်နှင့် ဒါဘီတို့တွင်အငှားသွားကစားခဲ့ဖူးသော အိုင်ဘီသည် စတာလင်း၏နေရာကို ဖြည့်တင်းရန်ရည်မှန်းနေပြီး စတာလင်းကိုလည်း အသင်းသစ်တွင် အဆင်ပြေစေရန် ဆုတောင်းပေးထားသည်။

"စတာလင်းက ကစားသမားကောင်းပါ။ သူ့အတွက်လည်း ပျော်ပါတယ်။ ကျွန်တော့်အရည်အချင်းကိုသက်သေပြနိုင်မယ့် အခွင့်ရေးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ကိုလည်း မျှော်လင့်ပါတယ်"ဟု အိုင်ဘီက ပြောသည်။

လီဗာပူးလ်အသင်းသည် တနင်္လာနေ့က ကစားသမားသစ် ဂျိမ်းစ်မီလ်နာ၊ ဒန်နီအင့်စ်တို့၏ဂိုးများဖြင့် အဒီလိတ်အသင်းကိုအနိုင်ရခဲ့ရာ ခြေစမ်းပွဲသုံးပွဲဆက် အနိုင်ရခြင်းလည်းဖြစ်သည်။

ယင်းခြေစွမ်းကောင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲအထိ ထိန်းထားနိုင်လိမ့်မည်ဟုလည်း ဝိုင်ကွန်ဘီအသင်းလူငယ်ကစားသမားဟောင်း အိုင်ဘီက ယုံကြည်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required