ပုဒ်မ ၆၆(ဃ) ပြင်ရန် သူရဦးရွှေမန်း၏ ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထား

ပုဒ်မ ၆၆(ဃ) ပြင်ရန် သူရဦးရွှေမန်း၏ ကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဆက်သွယ်ရေးဥပဒေအား ပြင်ဆင်သည် ့ဥပဒေကြမ်းတစ်ရပ်အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

“ပုဒ်မ ၆၆(ဃ)ကို အခုလို ပြင်ဆင်ဖို့ အခုလို သုံးသပ်အကြံပြုတင်ပြခြင်းဟာ မိမိတို့ ကော်မရှင်ရဲ့ အဓိကလုပ်ငန်း တစ်ခု ဖြစ်တဲ့အတွက် အခုလို လွှတ်တော်ကို တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းပါ ပူးတွဲပြီး တင်ပြထားပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ကော်မရှင်အဆောက်အဦ I-1 တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံမှုအပြီး ဒီဇင်ဘာ ၂၈ရက်တွင် သူရဦးရွှေမန်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင် Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်ကစပြီး ယနေ့အထိ ၎င်းတို့နှစ်ဦး အဖမ်းခံထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly