NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (အပိုင်း ၃)

.

 

ဒေါက်တာဆလိုင်းလျန်မှုန်း

ဒုတိယဥက္ကဋ္ဌ ချင်းအမျိုးသားတပ်ဦး (CNF)

အဲဒီမှာ ကျွန်တော်တို့လိုချင်တဲ့အရာအားလုံး တစ်ခါတည်းနဲ့ ၁၀၀ မှာ ၁၀၀ အတိုင်း မရပါဘူး။ နဂို ကျွန်တော်တို့ စဉ်းစားထားတာက လူမျိုးအလိုက်ရယ် ဒေသအလိုက်ရယ် အကြောင်းအရာအလိုက်မှာ အားလုံးပါဝင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ တင်ပြတယ်။ ဆွေးနွေးရမယ့် အကြောင်းအရာအားလုံး ဆွေးနွေးရမယ်ဆိုပြီးတော့ ကျွန်တော်တို့ တင်ပြတယ်။ ဒါပေမယ့် အစိုးရဖက်က ခေါင်းစဉ်ကို ခွဲပြီးတော့ ဒီခေါင်းစဉ်ကိုတော့ လူမျိုးအလိုက် ဆွေးနွေးပွဲမှာ တင်ပြသင့်တယ်။ ဒီခေါင်းစဉ်ကိုတော့ ဒေသအလိုက် ဆွေးနွေးသင့်တယ်။ ဒီခေါင်းစဉ်ကိုတော့ အကြောင်းအရာအလိုက် လူမှုအဖွဲ့အစည်းတွေ   ဆွေးနွေးသင့်တယ်လို့ တင်ပြလာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဟာကတော့ ဘယ်မှာဆွေးနွေးသင့်တယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ ပြန်ပြီးတော့ စီစဉ်ရတဲ့အပိုင်းရှိတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက တကယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပမယ်ဆိုရင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အမြင် လုံးဝမကျန်ရအောင် ကျွန်တော်တို့အနေနဲ့   ဖော်ထုတ်ချင်တယ်။ ပါဝင်ဆွေးနွေးစေချင်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ချင်းလူမျိုးအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ကျွန်တော်တို့ လက်နက်ကိုင်ပြီးတော့   တော်လှန်ရေးလုပ်တယ်ဆိုတာ ကျွန်တော်တို့ ချင်းလူမျိုးရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးဖို့ အနာဂါတ်ကို ဖြည့်စည်းပေးဖို့ နိုင်ငံရေးအရ အာမခံချက်   ပေးနိုင်ဖို့တွေအတွက်   တော်လှန်ရေး လုပ်တာဖြစ်တယ်။ ဒီလို အာမခံချက် ပေးနိုင်ဖို့ဆိုရင် နိုင်ငံရေးအရ အာမခံချက်ပေးတဲ့ ပွဲမျိုး ကျွန်တော်တို့ လိုချင်တယ်။ နိုင်ငံရေးအရ အာမခံချက်ပေးတဲ့ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ကျွန်တော်တို့ လိုတယ်။ ဒါဆိုရင် CNF ရဲ့ ပေါ်လစီတစ်ခုတည်းကို သွားတင်ပြလို့ ကျွန်တော်တို့ ချင်းတစ်မျိုးသားလုံးရဲ့ အနာဂါတ်ကို ကာကွယ်ပေးနိုင်မလား၊ ကျွန်တော်အနေနဲ့ မပေးနိုင်ဘူးလို့ ထင်တယ်။ ချင်းလူမျိုးအားလုံး ချင်းပြည်သူတစ်ရပ်လုံးရဲ့ အမြင်ပါမှပဲ ကျွန်တော်တို့အနေနဲ့ ဒါ လုပ်နိုင်မယ်ထင်တယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ ၂၀၁၃ တုန်းက ကျွန်တော်တို့   ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ ပစ်ခက်တိုက်ခက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးတုန်းက ကျွန်တော်တို့ ပထမဆုံး တောင်းဆိုတာက လူထုနဲ့   တွေ့ဆုံဆွေးနွေးပေးဖို့   တောင်းဆိုတယ်။ ဘာဖြစ်လို့လဲ လူထုကို ဖော်ထုတ်ချင်လို့။ အဲဒါ ၂၀၁၃ မတ်လကနေစပြီးတော့ နိုဝင်ဘာလအတွင်းမှာ ချင်းလူမျိုးရှိတဲ့နေရာတိုင်း ချင်းပြည်နယ်တွင်သာ မကဘူး ချင်းပြည်နယ်   ပြင်ပမှာလည်း လူထုတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကနေ တက်လာတဲ့ ဆွေးနွေးချက်အားလုံးကို နိုဝင်ဘာလမှာ ကျွန်တော်တို့ ချင်းအမျိုးသား ညီလာခံဆိုပြီးတော့ ကျွန်တော်တို့ ပြန်စုစည်းတယ်။ အဲဒီကနေ ရလာတဲ့ဟာကို ချင်းလူမျိုး အမြင်တွေအဖြစ်နဲ့ လက်ခံထားတယ်။ ဒီပုံစံက အဲဒီကာလတုန်းက စစ်အစိုးရအောက်မှာ လူထုက အကြာကြီး နေလာခဲ့တော့ သူတို့အမြင်ကို ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ သူတို့ဆန္ဒကို မဖော်ထုတ်ရဲဘူး။ ဘယ်လိုဖော်ထုတ်ရမှန်းလည်း မသိဘူး။ အဲဒါတောင် ၂၀၁၃ တုန်းက လုပ်တာကို ကျွန်တော်အတို့အနေနဲ့က အစမ်းသဘောအနေနဲ့ပဲထားတယ်။ အခု ဒါကို ကျွန်တော်တို့အနေနဲ့ ပြန်လုပ်တယ်။ ပြန်လုပ်ပြီးလို့ရှိရင် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အဲဒီ အမျိုးသားအဆင့်ကနေ ဆွေးနွေးပြီးတော့ တက်လာတဲ့ဟာမျိုးမှာ ကျွန်တော်တို့ ဒါကိုပဲ တင်ပြပေးမှာဖြစ်ပါတယ်။ CNF ရဲ့ ပေါ်လစီအသေးလေးကို ကျွန်တော်တို့ တင်မှာမဟုတ်ဘူး။ ချင်းလူမျိုး တစ်မျိုးလုံးရဲ့ အမြင်ကို ကျွန်တော်တို့ တင်ပြမှာဖြစ်တယ်။ ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမယ့် လုပ်ငန်းလမ်းညွှန်ထဲမှာ ဘယ်လိုဖော်ပြလဲဆိုတော့ ဒီအကြောင်းအရာတွေကို စုပေါင်း၍သော်လည်ကောင်း တစ်ဖွဲ့ချင်းသော်လည်ကောင်း ကျင်းပနိုင်တယ်။ ဆိုလိုတာက လူမျိုးအလိုက် CNF သက်သက် ကျင်းပလို့လည်းရတယ်။ စုပေါင်းပြီးတော့ ကျင်းပလို့လည်းရတယ်။ ကျွန်တော်တို့ ချင်းလူမျိုးရဲ့ လိုအပ်ချက်အရ ချင်းပြည်နယ်အစိုးရရယ် ကျွန်တော်တို့ CNF ရယ် နိုင်ငံရေးပါတီရယ် လူမှုအဖွဲ့အစည်း အားလုံး ပေါင်းပြီးတော့မှ ကျွန်တော်တို့ အတူတကွ လုပ်ချင်တယ်။ သီးခြားမလုပ်ချင်ဘူး။ ဒါမှ ကျွန်တော်တို့ စုစည်းလို့ရမှာ။ အဲဒါမှာ ကျွန်တော်တို့ ချင်းပြည်သူတွေရဲ့ တင်ပြချက် ချင်းလူမျိုးတွေရဲ့ လိုလားချက်ကို ကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ခိုင်ခိုင်မာမာ တင်ပြလို့ရမှာ။ ဘယ်ပုံသဏ္ဍာန်နဲ့ပဲလုပ်လုပ် လူမျိုးအလိုက်ပဲလုပ်လုပ် ဒေသအလိုက်ပဲလုပ်လုပ် အကြောင်းအရာလိုက်ပဲလုပ်လုပ် ကျွန်တော်တို့ အားလုံးအမြင်ကို စုစည်းချင်တယ်။ ပေါင်းပြီးတော့ လုပ်ချင်တယ်။ တစ်သီးတစ်ခြားလုပ်ရင် ကျွန်တော်တို့ အမြင်စုစည်းတာမဟုတ်ပဲနဲ့ ပိုပြီးတော့ ကွဲပြားမှုပဲ ပြန်ဖြစ်လာမယ်။ ဒါဆိုရင် ကျွန်တော်တို့က ငြိမ်းချမ်းရေးကို တည်ဆောက်ရင်းနဲ့ ပဋိပက္ခကိုလည်း ဖန်တီးရာ   ရောက်မှာကိုလည်း ကျွန်တော်တို့ ကြောက်ရတယ်။ အခုကျွန်တော်တို့ စိုး၇ိမ်တာက ဘာဖြစ်လဲဆိုတော့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုနေတဲ့ဟာတွေကို အမျိုးမျိုးသော အဖျက် ပရောဂါတွေက ဝင်လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ချင်းလူမျိုးတွေကြားမှာ သွေးကွဲအောင်လုပ်တာတို့ အချင်းချင်း နိုင်ငံရေးပါတီနဲ့ သွေးကွဲအောင်လုပ်တာတို့ အဲဒါမျိုး ပေါ်လာတယ်။ ကချင်မှာလည်း ပေါ်လာတယ်လို့ ကျွန်တော်သိတယ်။ ဆိုတော့ အဲဒါမျိုး မပေါ်လာအောင် ကျွန်တော်တို့အနေနဲ့ တိုင်ပင်မှုက အင်မတန်မှ လိုအပ်တာဖြစ်တယ်။ ထို့အတွက်ကြောင့် ဒါ ကျွန်တော်တို့တွေ တင်ပြတဲ့အခါကျရင် အမျိုးသားအဆင့်ကနေ ထွက်ပေါ်လာတဲ့ အယူအဆတွေ ရလဒ်တွေက တကယ့် လူမျိုးကို ကိုယ်စားပြုတဲ့ ကျွန်တော်တို့ တကယ် ပြည်သူကို ကိုယ်စားပြုတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါကိုလည်း ဖြစ်အောင် ကျွန်တော်တို့ မရမက ကြိုးစားမှာ ဖြစ်ပါတယ်။

တူးတူးသာ

ကျွန်မတို့ တစ်နိုင်ငံလုံး အားလုံးပေါ့နော် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာကတော့ ပြည်သူတွေလည်း တောက်လျှောက်အော်ခဲ့ကြတယ် မီဒီယာတွေရောပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့သူတွေရောပဲပေါ့နော် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတိုင်း သွားမယ်ဆိုတဲ့ဟာမျိုးကို ကျွန်မတို့ ပြောခဲ့ကြတယ်ပေါ့ အဲတော့ ခုနက ဆရာနဲ့ ဆရာမ ပြောသွားတဲ့အချက်တွေမှာ ဒေါက်တာမင်းဇော်ဦးအနေနဲ့ရော ဘာတွေ ထပ်မံဖြည့်စွက်ပြီးတော့ ပြောချင်လဲ။ ဒီ NCA မှာ အကုန်ပါဝင်ဖို့အတွက် ဘာတွေလိုအပ်မယ်ထင်လဲ။

ဒေါက်တာမင်းဇော်ဦး (အဖွဲ့ခေါင်းဆောင်)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JIC-U)

ကျွန်တော်တို့က NCA စပြီးညှိနှိုင်းကတည်းက ပါခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခက်တိုက်ခက်မှု ရပ်စဲရေးလို့ နာမည်ပေးခဲ့ပေမယ့် အစကတည်းက အဖွဲ့တွေအားလုံးပါမယ်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်မျိုး မထားခဲ့ပါဘူး။ မထားခဲ့ဘူးဆိုတာကလည်း ထားလို့လည်းမရတဲ့ အနေအထားမျိုးမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ NCA ညှိတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့လုံး တွက်မယ်ဆိုရင်တောင် အဲဒီအထဲမှာပါတဲ့အဖွဲ့က ၁၇ ဖွဲ့ပဲရှိတယ်။ ၁၇ ဖွဲ့ပဲရှိတယ်ဆိုပေမယ့် ကိုးကန့်ဆိုလို့ရှိရင် NCA ထဲမှာပါပေမယ့် တရားဝင် နာမည်သွားထည့်ထားပေမယ့် စာပွဲပေါ် တစ်ခါမှမလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဟိုဘက်မှာ စစ်ပြင်နေတာ။ ဒီ NCA ညှိတဲ့အချိန်မှာလည်း သူက စစ်တိုက်ဖို့ စစ်ပြင်နေတာ တစ်ခါမှ မလာခဲ့ဘူး။ ထို့အပြင်မှာပဲ RCSS ဆိုရင် လက်မှတ်တော့လာထိုးတယ် ဒါပေမယ့် NCA ညှိတဲ့အထဲမှာလည်း မပါခဲ့ဘူး။ အဲတော့ အခု ကျွန်တော်တို့က ၂၁ ဖွဲ့လို့ ပြောပေမယ့် အဲဒီ ၂၁ ဖွဲ့ထဲမှာ မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါတယ်။ ဥပမာဆိုလို့ရှိရင် အဲဒီအဖွဲ့တွေက ၂၁ ဖွဲ့ထဲမှာတော့ မပါဘူး ဒါပေမယ့် အဲဒီ ၂၁ ဖွဲ့ထဲမှာပါတဲ့ အဖွဲ့တွေထက် အင်အားအများကြီးရှိတဲ့ အဖွဲ့တွေလည်း အဲဒီ ၂၁ ဖွဲ့ အပြင်ဘက်မှာရှိတယ်။ အဲတော့ ကျွန်တော်တို့က တကယ်စစ်စစ်ပေါက်ပေါက် မြန်မာပြည်မှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကို လိုက်ပြီးတော့ ရေတွက်မယ်ဆိုရင် ကျွန်တော်တို့ စာရင်းအရဆိုရင် ၃၀ အထက်မှာရှိတယ်။ ဒါက ကျွန်တော်တို့ လက်ရှိဖြစ်စဉ်ထဲမှာ မပါတဲ့အဖွဲ့တွေ ၂၁ ဖွဲ့ထဲမှာလက်ရှိဖြစ်စဉ်မှာ မပါတဲ့အဖွဲ့တွေရှိတယ်။ တချို့အဖွဲ့တွေဆိုရင် နေတာကမြန်မာပြည်မှာနေတယ် တိုက်တာက အိန္ဒိယအစိုးရကို တိုက်နေတယ် ဒီလိုမျိုး ဟိုဘက်ဒီဘက် ခွထိုင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ ရှိတော့ လက်တွေ့လုပ်ငန်းစဉ်အရ ညှိတဲ့အချိန်မှာဆိုရင်လည်း ဝ မိုင်းလားအဖွဲ့ဆိုရင်လည်း သူက NCA နဲ့မဆိုင်ဘူး NCA က ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုပြီးတော့ လုံးဝ မလာခဲ့ဘူး။ နောက်ပြီးတော့လည်း NCA လက်မှတ်ထိုးပြီးတဲ့အခါမှာလည်း သူတို့ လာမထိုးနိုင်ဘူးဆိုတာကိုလည်း အခုထိလည်း သူတို့ ပြောနေဆဲဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ လက်ရှိအနေအထားအရ NCA က တစ်နိုင်ငံလုံးဆိုတဲ့ဟာကို ဘယ်လိုခေါ်ခေါ် ကျွန်တော်တို့ တစ်ခုလုံး ပါဖို့ဆိုတာက အခက်အခဲရှိတယ်ဆိုတာကို ကျွန်တော်တို့ စလုပ်ကတည်းက တွေ့လာရတယ်။

ဒါပေမယ့် NCA ကို ကျွန်တော်တို့ ဘာကြောင့် မပါလာခဲ့ရလဲဆိုတော့ ကျွန်တော်တို့ ၃ ခုနဲ့ အခြေတည်ပြီး စဉ်းစားလို့ရတယ်။ တစ်ခုကတော့ နောက်အစိုးရသစ် တက်လာတဲ့အခါမှာ အစကနေ စတာမျိုး မဟုတ်ပဲနဲ့ အခြေခံအုတ်မြစ်တစ်ခုရှိအောင် ဖောင်ဒေးရှင်းတစ်ခု ချနိုင်အောင်ဆိုပြီး အခြေခံနဲ့ စဉ်းစားခဲ့တယ်။ စဉ်းစားခဲ့တော့ အခုဆိုလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်ဟန်တွေလည်း ရှိသွားပြီပေါ့။ နောက်တစ်ချက်ကတော့ ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို လျော့ချနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ ထားထားတယ်။ ခုနကပြောတာက တချို့အချက်လေးတွေပေါ့နော် ဥပမာ ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာဆိုရင် တိုက်ပွဲဖြစ်တာက NCA လက်မှတ်ထိုးထားတဲ့ KNU နဲ့ ဖြစ်တာမဟုတ်ဘူး NCA လက်မှတ်မထိုးထားတဲ့ DKB ကနေ ခွဲထွက်လာတဲ့ အဖွဲ့နဲ့ ဖြစ်တဲ့ဟာမျိုး။ ဥပမာ အခု ရခိုင်မှာဖြစ်တဲ့ဟာမျိုးဆိုရင် ဒါ NCA လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ ဖြစ်တာမဟုတ်ဘူး။ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်တဲ့ ပြဿနာပေါ့။ အဲတော့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ကတော့ ပစ်ခက်တိုက်ခက်မှုတွေကတော့ ရှိနေဦးမှာပဲ။ ဒါက ကျွန်တော်တို့အမြင် သုံးသပ်တာပေါ့။ သုံးသပ်တယ် ဆိုတာက ဒီလိုစနစ်ကျတဲ့ အပစ်အခတ်ရပ်စဲရေး ယန္တရားတစ်ခု မရှိပဲနဲ့ ယန္တရားဆိုတာ စောင့်ကြည့်တဲ့ ယန္တရားတစ်ခုတည်းတင်မကဘူး နှစ်ဘက် ယန္တရားတွေ လိုက်နာရမယ့် အချက်တွေ ရှိဖို့လိုတယ်။ NCA မှာကျတော့ အဲဒီအချက်တွေက တိတိကျကျကို ရေးထားတယ် ဘယ်အချက်တွေ ဘယ်အချက်တွေ လိုက်နာရမယ်ဆိုတာကို ရေးထားတယ်။ ရေးထားပြီးတဲ့အပြင်မှာ ပြဿနာဖြစ်ရင် အင်နဲ့အားနဲ့   နှစ်ဖက်လုံးက တုန့်ပြန်လို့မရဘူး။ ကျွန်တော်တို့က ပြဿနာဖြစ်လှပါတယ်ဆိုတဲ့ RCSS နဲ့တောင် ယှဉ်ကြည့်မယ်ဆိုရင် RCSS နဲ့ NCA မထိုးခင်တစ်နှစ်နဲ့ ထိုးပြီးတစ်နှစ် တိုက်ပွဲ အရေအတွက်က အနည်းဆုံး အဆ ၂၀ လောက် လျော့သွားတယ်လို့ ကျွန်တော်တို့က ပြောလို့ရတယ်။

အဲတော့ ခုနက ဆွေးနွေးချက်ထဲမှာ ဒီ ပြည်သူလူထု ပါဝင်ရေးဆိုတာ ဆွေးနွေးတယ်။ ပြည်သူလူထုပါဝင်ဖို့က အရမ်းကို အရေးကြီးတယ်။ အင်မတန်မှအရေးကြီးတော့ ကျွန်တော်တို့ နှစ်ပိုင်းခွဲပြီးတော့ ကြည့်ရတာပေါ့နော်။ အပစ်အခတ်ရပ်စဲရေးမှာ ပြည်သူလူထုပါဝင်ရေးကို ဘယ်လိုလုပ်မလဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်သူလူထုပါဝင်ရေးကို ဘယ်လိုလုပ်မလဲ အပစ်အခတ်ရပ်စဲရေးမှာ ပြည်သူလူထု ပါဝင်အောင် လုပ်နိုင်ရေးဆိုပြီးတော့ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့် ကြီးကြပ်တဲ့ ယန္တရားတွေမှာ ဒေသခံလူထုက ပါနိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့က ဝိုင်းပြီးတော့ ဆွေးနွေးကြတယ်။ အဲတော့ NCA မှာ ကျွန်တော်တို့ ညှိစဉ်အခါက Local ပေါ့နော် ဒေသဆိုင်ရာ အဆင့်ဆိုပြီးတော့ ဆွေးနွေးပေမယ့် အဲဒီဒေသခံအဆင့်မှာ ပြည်သူလူထု ဘယ်လိုပါမလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ မပြောခဲ့တော့ ကျွန်တော်တို့ JNC လုပ်တဲ့ လုပ်ငန်းတွေအပေါ်မှာ ဒီကိစ္စကို အသေးစိတ် ဝိုင်းဆွေးနွေးတော့ နောက်ဆုံး တပ်မတော်ကိုယ်တိုင်ကိုက လက်ခံတယ်။ ဒေသခံပြည်သူလူထုတွေ ပါဝင်ရမယ်ဆိုတာကို လက်ခံတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ JNC ရဲ့ ယန္တရားရဲ့ ဒေသဆိုင်ရာအဆင့်မှာ ပြည်သူလူထုကနေ လွတ်လွတ်လပ်လပ် တင်မြောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေ ရပ်ရွာတွေ ကျေးရွာတွေက ကိုယ်စားလှယ်တွေပါ ပါဝင်နိုင်အောင်ဆိုတဲ့ဟာကို အခုကတော့ သဘောတူထားပြီး ဒါတွေကို ကျွန်တော်တို့ စပြီးတော့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်ပေါ့။

နောက်တစ်ခုက မြန်မာပြည်ရဲ့ လက်နက်ကိုင် ပဋိပက္ခမှာ အပစ်အခတ်ရပ်စဲရေးလို့ပြောရရင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နှစ်ဖွဲ့ပဲ လုပ်ခဲ့ကြတာရှိတယ်။ ကျွန်တော်တို့ JNC လုပ်ငန်းမှာကျတော့ အစိုးရရယ် တိုင်းရင်းသားလက်နက်ကိုင်ရယ်တင် မကဘူး အရပ်သားကိုယ်စားလှယ်တွေလည်း ပါဝင်ဆောင်ရွက်လာတာကို တွေ့ရတယ်။ အခုဆို ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ဒေသဆိုင်ရာအဆင့် ကော်မတီတွေမှာလည်း အရပ်သားကိုယ်စားလှယ်တွေပါလာတယ်။ ပြီးတော့ ကျေးရွာတွေမှာလည်း ရပ်ရွာက တင်မြောက်တဲ့ ဒေသခံ စောင့်ကြည့်ရေးတွေလည်း ပါဝင်သွားမှာဖြစ်တယ်ပေါ့။ ဒါက ကျွန်တော်တို့ လက်ရှိ လုပ်ငန်းအကောင်အထည်ဖော်တဲ့အပိုင်းပေါ့။ ခုနက အမျိုးသားအဆင့် ဆွေးနွေးပွဲမှာလည်း ဒေါက်တာလျန်မှုန်းလည်း ရှင်းပြသွားတာရှိတယ်။ ကျွန်တော်တို့က CSO တွေရော ပြည်သူလူထုရော အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ပါနိုင်ဖို့ဆိုတာကိုလည်း အခု ဆောင်ရွက်နေတာဖြစ်ပါတယ်။ လူထုပါဝင်ရေးကို မြင့်တင်ရမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ အားလုံး လက်ခံပြီးသားပေါ့နော်။ ဒါတွေကို ဝိုင်းလုပ်နေတယ်။ တစ်ဖက်တည်းမှာလည်း ကျွန်တော်တို့အားလုံး ဝိုင်းပြီး သတိပြုမိဖို့က ကျွန်တော်တို့တိုင်းပြည်က ဖိနှိပ်ထားတဲ့ စနစ်အောင်မှာ နှစ်ပေါင်း ၆၀ ကျော် နေလာရတော့ လူထုက စပြီးတော့ ကိုယ်အခွင့်အရေးတွေ တောင်းလို့ရပြီဆိုတဲ့အချိန်မှာ ကိုယ့်အခွင့်အရေးပဲ ကိုယ် ကြည့်ပြီးတော့ တောင်းပြီးတော့ အခြားအင်အားစုတွေနဲ့ ဘယ်လို သဟဇာတဖြစ်အောင် လုပ်မလဲဆိုတဲ့ အချက်ကို မစဉ်းစားလို့ရှိရင် ခုနကပြောတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေက ဗမာနဲ့ တိုင်းရင်းသားကြားတွေတင်မဟုတ်ဘူး တိုင်းရင်းသားအချင်းချင်း ကြားတွေမှာလည်း ပဋိပက္ခမျိုးတွေ ဖြစ်သွားနိုင်တယ်။ အဲတော့ ကျွန်တော်တို့က အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ ကိုယ့်လူမျိုးစုရဲ့ အကျိုးစီးပွား ကိုယ့်လူမျိုးစုရဲ့ ကောင်းရာကောင်းကျိုးအတွက် တောင်းမယ်ဆိုလို့ရှိရင် ကိုယ်တောင်းတဲ့ တောင်းဆိုချက်တွေကလည်း အခြားလူမျိုးတွေနဲ့ ဘယ်လို သဟဇာတဖြစ်အောင် လုပ်မလဲဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့က သေချာစဉ်းစားဖို့လိုတယ်။ ဒါမှ အားလုံး အတူယှဉ်တွဲနေထိုင်ရေးဆိုတာ ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး တခြားလူမျိုးစု တခြားအင်အားစု တခြားတိုင်းရင်းသား အစုအဖွဲ့တွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ အဖြေရှာနိုင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခုကို လုပ်နိုင်မှသာ ကျွန်တော်တို့က ပဋိပက္ခအပေါ်ကို ဦးမတည်ပဲနဲ့ တကယ်ငြိမ်းချမ်းရေးကို ဦးတည်တဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အပိုင်း (၁ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21409
အပိုင်း (၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21511