အကြောင်းခံနဲ့ တောင်းပန်ရပါကြောင်း

အကြောင်းခံနဲ့ တောင်းပန်ရပါကြောင်း
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ အများပြည်သူအတွက် နေ့စဉ် အဓိကအသုံးပြုနေရသည့် ဘတ်စ်ကားများကို တွေ့မြင်ရစဉ်။

မောင်မှန်က ဒီတစ်ပတ်မှာ အကြောင်းခံနဲ့ တောင်းပန်စရာတွေ များတယ်။ မောင်မှန် လိုင်းကားတွေ အချိုးမပြေမှန်း ရေးခဲ့တာ များလှပေါ့။ ဒီတစ်ကြိမ်တော့ မင်္ဂလာရှိစွာ အချိုးကျတာလေး   ရေးချင်လှပါတယ်ခင်ဗျာ။ ဒီအကြောင်းကို လူမှုစာမျက်နှာတွေမှာ သိပ်မကြာသေးခင်က စတွေ့ရပေမယ့်  ကိုယ်တွေ့မဟုတ်လေတော့ မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီး ဖြစ်နေသေးတာပေါ့။ အခုကတော့ မယုံလို့ မရတော့ဘူး။ မယုံမရှိနဲ့ ကိုယ်တွေ့ ဖြစ်သွားပြီ။

တစ်ရက်သား ညနေဘက် မောင်မှန် အိမ်အပြန် ၂၃၅ ဘီအမ်ကား တက်စီးတယ်။ ကားပေါ်ရောက်တာနဲ့ မင်္ဂလာရှိတဲ့ အသံကို ကြားရတယ်။ "ဒီကားမှာ စပယ်ရာမပါပါဘူးခင်ဗျာ။ ကျသင့်တဲ့ ယာဉ်စီးခကို ယာဉ်အပေါက်ဝက ပုံးတွေထဲ ထည့်ပေးခဲ့ကြပါ။ ကျေး၊ဇူးတင်ပါတယ်ခင်ဗျာ" တဲ့။ အသံချဲ့စက်ကနေတစ်ဆင့် ပြောပေးနေတဲ့ ယာဉ်မောင်းရဲ့အသံပါ။ မင်္ဂလာမှ နှစ်ထပ်ကွမ်း မင်္ဂလာပါခင်ဗျ။ စပယ်ရာမပါတာက ပထမ မင်္ဂလာ၊ ကားပေါ်ရောက်တာနဲ့ အဆူအငေါက် အကြိမ်းအမောင်း ခံရမယ့်ဘေးက ဝေးကရောပဲ၊ နောက်ပြီး အကြွေးပြန်အမ်းဖို့ စောင့်ရတဲ့ဒုက္ခလည်း မရှိတော့ဘူး။ (ကောင်းတဲ့စပယ်ရာတွေကို တောင်းပန်ပါတယ်။ ယေဘုယျသဘောမို့သာ ဒီလို ရေးလိုက်ရတာပါ)

နောက် မင်္ဂလာကတော့ ယာဉ်မောင်းရဲ့ သိမ်မွေ့ယဉ်ကျေးတဲ့ စကားသံပါ။ လိုင်းကားပေါ်မှာ ဒီလိုအသံမျိုး ကြားလိုက်ရတော့ ကိုယ့်နားကိုယ်တောင် ဆွဲလိမ်ကြည့်မိပါတယ်။ နာတယ်၊ အိမ်မက်မဟုတ်ဘူး။ တကယ်ပါ။ အလွန်စိတ်ချမ်းသာရပါတယ်။ မောင်မင်းကြီးသား ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတို့ ကျန်းမာချမ်းသာ လန်းဖြာကြပါစေခင်ဗျာ။ ယာဉ်စီးခ အပြည့်အဝမရတဲ့ ပြဿနာအပြင် အခြားပြဿနာတွေ   တော်တော်များများ ရှိနိုင်ပေမယ့်လည်း နောင်အရှည်မှာ ရန်ကုန်တစ်မြို့လုံး ဒီလိုလိုင်းကားတွေချည်းသာ ဖြစ်ပါစေလို့လည်း ဆုတောင်းရပါတယ်။

ယာဉ်လို်င်းဘက်က စေတနာထားပြီး ခရီးသွားတွေကို ယုံကြည်သမှုပြုတဲ့အခါ မောင်မှန်တို့ ခရီးသွားတွေဘက်ကလည်း ယုံကြည်မှုကို အသိအမှတ်ပြု တန်ဖိုးထားပြီး အလွဲသုံးစား မလုပ်မိကြဖို့ လိုမယ်ထင်ပါတယ်။ ဒါမှ နှစ်ဖက်နှစ်ဝ အကျိုးများကြမှာပါ။ တဖြေးဖြေး အသားကျသွားရင် သိပ်ကောင်းမှာ၊ အရင့်အရင်က ရေးခဲ့မိတာတွေအတွက် လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျာ။

ဝန္ဒာမိလို့မှ မဆုံးသေးဘူး။ ရောက်လာတဲ့ သတင်းစာ ကောက်လှန်မိတော့ အမလေး ဦးလှအောင်နဲ့ တွေ့ရပြန်ပါပြီခင်ဗျာ။ ဦးလှအောင်ဆိုတာ မ.ထ.သ ဥက္ကဋ္ဌကြီးပါ။ ဦးလှအောင်က "ကျနော်တို့ဘက်က ယာဉ်စီးခကို သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ကောက်ခံဖို့ ညွှန်ကြားထားတယ်။ ယာဉ်စီးခတွေကလည်း ပြောင်းလဲမှုမရှိပါဘူး။ အရင်ကတည်းက ထုတ်ပြန်ထားပြီးသားပါ။ တိုးပြီး တောင်းတဲ့ ကားမှန်သမျှ ကျနော်တို့ဆီကို တိုင်ကြားတဲ့ အကြိမ်တွေက တစ်လကို အကြိမ် ၁၀၀ ကျော် အထက်မှာရှိတယ်။ အားလုံးကိုလည်း အရေးယူခဲ့ပါတယ်" လို့ ပြောပါတယ်။ ကားခပိုတောင်းနေတာ စပယ်ရာပါတဲ့ ကားတိုင်းလောက်နီးနီးပါ။ ဥက္ကဋ္ဌကြီးတို့လည်း သိပြီးသားနေမှာပါ။ မတိုင်ရင် အရေးယူစရာမလိုဘူးလို့ သတ်မှတ်ထားပုံပါပဲ။ အခု ပေးရတဲ့ ကားခတွေက ၃၀၀၊ ၄၀၀၊ ၅၀၀ စတာမျိုးအထိ ဖြစ်လာပြီး   တော်တော်တရားလွန်လာပါပြီ။ လိုင်းကားတွေကိစ္စကို ဦးလှအောင်တို့ဘက်က မသိချင်ယောင်ဆောင်နေတာ ပိုသင့်တော်မယ်ထင်တာပဲ။ ထွက်ထွက်ရှင်းလေလေ မောင်မှန့်စိတ်ထဲ ပိုကျွဲမြီးတိုရလေလေ ဖြစ်ရလို့ပါ။ စဉ်းစားကြည့်လေ။ ဦးလှအောင်တို့ ထွက်ပြောလေ လိုင်းကားတွေက ပိုဆိုးလေဖြစ်နေတာမို့လား။ ထားပါတော့ ခုနက အပျော်လေးတောင် ပျောက်သွားပါပြီ။ စပယ်ရာမလိုတဲ့ လိုင်းကားတောင် ရှိနေမှတော့ မ.ထ.သ ဆိုတာရော လို၊ မလို ဆိုတာလည်း စဉ်းစားစရာပါပဲခင်ဗျာ။

နောက် တောင်းပန်စရာတစ်ခုကတော့ ပြီးခဲ့တဲ့ အပတ်က News Watch ဂျာနယ်မှာ မောင်မှန်ရေးခဲ့တယ်။ ငြိမ်းချမ်းရေးက အရေးမကြီးဘူးဆိုရင် စစ်ပွဲတွေက အရေးကြီးတာပေါ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ဖော်ဆောင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူး တင်သွင်းတဲ့အဆိုဟာ လွှတ်တော်မှာ ပယ်ချခံခဲ့ရပါတယ်။ အတိုချံုး ပြောရရင် အဲဒီလို ပါယ်ချခံရတာဟာ အရေးမကြီးလို့ဆိုပြီး သက်ဆိုင်သူတွေက ပြောတယ်လို့ အဆိုရှင်က ပြောပါတယ်။ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဦးဦးလှစောကလည်း ဒီကိစ္စကို အပြင်းအထန် ဝေဖန်တယ်။

တကယ်တော့ ဒါတွေဟာ ဒီလိုမဟုတ်ပါဘူးတဲ့။ ပြည်ထောင်စု လွှတ်တော်နာယကကြီး မန်းဝင်းခိုင်သန်းက အဲဒီလွှတ်တော် ကိုယ်စားလှယ်နှစ်ယောက်ကို ခုလို သတိပေးပါတယ်။ ဥပဒေနှင့် မညီညွတ်သည့်အတွက် ပယ်ချခဲ့ခြင်းအပေါ် ကိုယ်စားလှယ်နှစ်ဦး၏ ပြောကြားချက်များသည် ပြည်သူများက ထင်ယောင်ထင်မှား ဖြစ်စေကြောင်း လွှတ်တော်၏ ပုံရိပ်ကို များစွာ ထိခိုက်မှုရှိကြောင်း တိုင်းရင်းသား ရင်ကြားစေ့ရေးကို များစွာ ထိခိုက်စေကြောင်းနှင့် အဆိုတင်သွင်းမည် ဆွေးနွေးမည်ဆိုပါက ဥပဒေကို နားလည်အောင် သေချာစွာဖတ်ရန်နှင့် ယင်းကိုယ်စားလှယ်နှစ်ဦးအား သတိပေးကြောင်း၊ ခြွင်းချက်အနေနှင့် တူထုမည်မဟုတ်ကြောင်း သို့ရာတွင် နောက်နောင် ထိုသို့ဖြစ်ပေါ်လာပါက တူထုသတိပေးရန် လက်နှေးမည်မဟုတ်ကြောင်း ပြောကြားပါတယ်။

သဘောကတော့ ပယ်တာတော့ ပယ်တယ်။ အရေးမကြီးလို့တော့ မဟုတ်ဘူး။ ဥပဒေနဲ့ မညီလို့ ပယ်တာဖြစ်တယ်။ ဒီလိုယူရမယ်ထင်ပါရဲ့။ ဟုတ်ပခင်ဗျာ။ ဒီကိုယ်စားလှယ်တွေပြောတာနဲ့ မောင်မှန်တောင် ထင်ယောင်ထင်မှားနဲ့ လွှတ်တော်ကြီးကို ပြစ်မှားမိလိုက်သေးတယ်။ လွှတ်တော်ပုံရိပ်ကို ထိခိုက်အောင် လုုပ်လိုက်မိတယ်။ တိုင်းရင်းသား ရင်ကြားစေ့နေတာကို အလယ်ကနေ သံမဏိတံတိုင်းကြီး ခြားသလို လုပ်လိုက်မိတယ်။ ခက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဗျာ။ သူတို့က ဥပဒေတွေ မသိလေတော့ မဖတ်လေတော့ မောင်မှန်ပါ ဒုက္ခရောက်တော့တာပေါ့။ မဟုတ်တာတွေ ရေးမိသလို ဖြစ်တော့တာပေါ့။ ပယ်တာတော့ ပယ်တယ်နော်။ အရေးမကြီးလို့တော့ မဟုတ်ဘူး။ ဥပဒေနဲ့ မညီလို့။

ကိုယ်စားလှယ်တွေကိုတော့ ခြွင်းချက်အနေနဲ့ တူမထုသေးဘူးတဲ့။ (မောင်မှန့်ကိုများ လှမ်းထုလိုက်ရင် ခက်ရချည့်) နောက်တစ်ခါဆိုရင်တော့ လက်နှေးမှာမဟုတ်ဘူးတဲ့။ မောင်မှန် တောင်းပန်ပါတယ်။ ဥပဒေနဲ့ မညီလို့ ပယ်တာကို အရေးမကြီးလို့ ပယ်တယ်လို့ (လွှတ်တော်ကိုယ်စားလှယ်ပြောတဲ့ နောက်က) လိုက်ရေးမိခဲ့တာ တောင်းပန်ပါတယ်။ ပယ်တာကတော့ သေချာပုံရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ၊ နောင်ကို အဖြစ်မှန်ကို သေသေချာချာ ပြောပေးကြပါ။ မောင်မှန် အမိုက်အမဲဟာ ဆရာတို့ပြောတာ လိုက်ရေးပြီး ဝမ်းစာရှာဖွေရတာပါ။ မောင်မှန့်ထမင်းအိုးကို မထိုးကြပါနဲ့ခင်ဗျာ။ ဥပဒေနဲ့ မညီလို့ ပယ်တာပါ အရေးမကြီးလို့ မဟုတ်ရပါဘူး။ ပယ်တာတော့ ပါယ်တာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly