နေပြည်တော်တွင် အိမ်ခန်းပေါင်း ၂၀၀၀ကျော် ဆောက်လုပ်ရောင်းချမည်

နေပြည်တော်တွင် အိမ်ခန်းပေါင်း ၂၀၀၀ကျော် ဆောက်လုပ်ရောင်းချမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးကော်မတီပိုင်မြေဧက ၁၀၀ပေါ်တွင် အခန်းပေါင်း ၂၀၀၀ကျော်ပါဝင်သည့် အိမ်ရာတစ်ခု ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးဝင်းနိုင်က ဒီဇင်ဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ စီမံကိန်းကို လာမည့်နှစ် ဧပြီလ ၁ရက်တွင်စတင်မည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ (၂)နှစ် ကြာမြင့်မည်ဖြစ်သည်။

အိမ်ခန်းတစ်ခန်း၏ ကျသင့်ငွေတန်ဖိုးအနေဖြင့် ကျပ်သိန်း(၁၀၀)မှ ကျပ်သိန်း(၄၀၀)ကျော်အထိ ကျသင့်မည်ဖြစ်သည်။ ကျပ်သိန်း ၁၀၀တန် အိမ်ခန်းတစ်ခန်းလျှင် အကျယ်အဝန်းအားဖြင့် ပေ ၂၀ပတ်လည်ရှိမည်ဖြစ်ပြီး အိပ်ခန်း ၁ခန်း ပါဝင်မည်ဖြစ်သည်။

ကျပ်သိန်း ၂၀၀တန် အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၆၀၀ကျယ်ဝန်းမည်ဖြစ်ပြီး အိပ်ခန်း(၂)ခန်း ပါဝင်မည်ဖြစ်သည်။ ကျပ်သိန်း ၄၀၀အောက် အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ရ၅၀ ကျယ်ဝန်းမည်ဖြစ်ပြီး အိပ်ခန်း(၃)ခန်း ပါဝင်မည်ဖြစ်သည်။ ကျပ်သိန်း ၄၀၀အထက် အိမ်ခန်းတစ်ခန်းတွင်မူ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၀၀၀ခန့် ကျယ်ဝန်းမည်ဖြစ်သည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်မည့် အဆိုပါ အိမ်ရာရှိ အိမ်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုစာရင်းဖွင့်ကာ ဝယ်ယူလိုသည့် အိမ်ခန်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းပြည့်မှီအောင် ကနဦး စုဆောင်းရမည်ဖြစ်သည်။ အဆိုပါ စုဆောင်းငွေအတွက်ကိုမူ အတိုးရရှိမည် မဟုတ်ပေ။

“၃၀ရာခိုင်နှုန်းကိုတော့ မိမိစုငွေနဲ့ ဝယ်ရမယ်။ ကျန်သော ရ၀ရာခိုင်နှုန်းကို ဘဏ်က ချေးငွေပေးမယ်။ အဲ့တော့ ဘဏ်ချေးငွေ ရ၀ရာခိုင်နှုန်းနဲ့ ကိုယ်စုထားတဲ့ ၃၀ရာခိုင်နှုန်းနဲ့ပေါင်းလိုက်တဲ့အတွက် ၁၀၀ရာခိုင်နှုန်း ငွေကျေသွားတဲ့အတွက် တစ်ခါထဲ အိမ်ပေါ်တက်နေလို့ ရသွားပြီ။ နေခွင့်ပေးမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

ကျန်ရှိသည့် အိမ်ခန်းတန်ဖိုး ရ၀ရာခိုင်နှုန်းကိုမူ ၁၅နှစ်အတွင်း ပြန်ဆပ်ရန် စီစဉ်ထားသည်ဟု ဦးဝင်းနိုင်က ဆိုသည်။

အဆိုပါ အိမ်ရာတွင် ပန်းခြံ၊ အခြေခံပညာအလယ်တန်းကျောင်း(၁)ကျောင်း၊ ကားပါကင်နှင့် ဈေးနေရာ(၁)ခုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်မီးရရှိရန်လည်း စီစဉ်ပေးမည်ဟု ၎င်းက ဆိုသည်။

ယင်း အိမ်ရာရှိ အခန်းများအား အငြိမ်းစားယူတော့မည့် နိုင်ငံ့ဝန်ထမ်းများကို ဦးစားပေးရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

“ဝန်ထမ်းဘဝကနေ အငြိမ်းစားယူမယ့်သူတွေကိုတော့ နံပါတ်(၁) ဦးစားပေးပေါ့။ အငြိမ်းစားယူလိုက်တဲ့အခါမှာ သူတို့က ဝန်ထမ်းအိမ်ရာက အိမ်ကို နေရာဖယ်ပေးရတော့မယ်။ ဖယ်ပေးရတဲ့အချိန်မှာ နေပြည်တော်မှာပဲ အခြေစိုက်ပြီး နေချင်ပါတယ်ဆိုရင် မဖြစ်မနေ အိမ်လိုပြီ။ အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ဒီစီမံကိန်းမှာ အငြိမ်းစားယူတော့မယ့် ဝန်ထမ်းတွေကို ဦးစားပေးမယ်ဆိုပြီး ရည်ရွယ်ထားပါတယ်” ဟု ဦးဝင်းနိုင်က စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းပြသည်။

ပျဉ်းမနား - တောင်ညိုကားလမ်းဘေးရှိ ရွှေနံ့သာရပ်ကွက်တွင်လည်း အခန်းပေါင်း ၈၀ပါဝင်သည့် အိမ်ရာတစ်ခုကို အစိုးရသစ်လက်ထက်တွင် စတင်ဆောက်လုပ်လျက်ရှိသည်။ အိမ်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ခန့်ကျသင့်မည့် အဆိုပါ အိမ်ရာသည် လာမည့် ၂၀၁၇ခုနှစ်၊ မတ်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly