တရုတ်တို့ရဲ့ ပိုးလမ်းမသစ်မှာ မြန်မာရဲ့အခန်းကဏ္ဍ ဆက်ရှိနေသေးသလား?

တရုတ်တို့ရဲ့ ပိုးလမ်းမသစ်မှာ မြန်မာရဲ့အခန်းကဏ္ဍ ဆက်ရှိနေသေးသလား?

တရုတ်ရဲ့ "One Belt One Road" မဟာဗျူဟာမှာ မြန်မာနိုင်ငံက အချက်အချာကျတဲ့၊ အဓိကကျတဲ့ မဟာဗျူဟာအခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းကို ဦးတည်ဆွေးနွေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို စက်တင်ဘာလအတွင်းမှာ ကျွန်တော်ရေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဆောင်းပါး ထုတ်ဝေပြီးကတည်းက ဒါနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးသူ   တော်တော်များများကတော့ ပြီးခဲ့တဲ့ကာလက ဖြစ်ပျက်ထားသမျှတွေ အရ မြန်မာအနေနဲ့ အဲဒီအခန်းကဏ္ဍမှာ ဆက်ရှိမနေတော့ပါဘူးလို့   ပြောကြားလာကြတာကိုလည်းတွေ့ရပါတယ်။ ဒါဆိုရင် အဲဒီပြီးခဲ့တဲ့ ကာလကဖြစ်ထားခဲ့တဲ့ သက်ဆိုင်ရာအဖြစ်အပျက်တစ်ချို့ကို ကျွန်တော်တို့ စလေ့လာကြည့်ပြီးတော့ ဘာကြောင့်မြန်မာက ဒီအခန်းကဏ္ဍမှာ ဆက်ရှိနေသေးသလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။ ဒီနေရာမှာ သတိပြုရမှာက ပြီးခဲ့တဲ့တစ်ခေါက်က ရေးခဲ့တဲ့ဆောင်းပါးထဲမှာက ရေကြောင်းပိုင်းဆိုင်ရာ လမ်းကြောင်းတွေကို အဓိကအလေးပေး ရေးသားခဲ့တာဖြစ်ပါတယ်။   အောက်ဖော်ပြပါ မြေပုံထဲမှာ ပြထားတဲ့အတိုင်း တရုတ်အတွက် စွမ်းအင်ဖူလုံနိုင်မှုနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအကြောင်း အဓိကထားဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကုန်းလမ်းကြောင်းဘက်ကို ပြန်ပြီး အလေးထားသုံးသပ်ကြည့်သွားမှာဖြစ်ပြီးတော့ တစ်ဘက်မှာပဲ ရေလမ်းကြောင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စဉ်းစားရမှာဖြစ်သလို ဒါတွေနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံ အကြောင်းတွေပါ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။

ပထဝီ-နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ

မကြာသေးမီက အမေရိကန်ဘက်က အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ဖြေလျော့ပေးခဲ့တာနဲ့အတူ မြန်မာနဲ့ အမေရိကန်တို့အကြား စီးပွားရေးအရ ဆက်ဆံမှုပိုင်းနဲ့ ကုန်သွယ်မှုပိုင်းမှာ ပိုမိုနွေးထွေးနီးကပ်လာတာတွေ ရှိခဲ့ပါတယ်။ ဒီအချက်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ်အေးခဲသွားစေခဲ့ပြီး တရုတ်တို့အနေနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ မဟာဗျူဟာချမှတ်မှုတွေအပေါ် ပြန်လည်သုံးသပ်စဉ်းစားဖို့ထိ ဖြစ်သွားစေခဲ့ပြီလို့ အားလုံးခန့်မှန်းထင်မြင်နေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ မြေပြင်မှာတော့ ဒီထင်မြင်ချက်တွေအတိုင်း အမှန်တကယ် ဖြစ်နေပုံတော့လည်း မရပါဘူး။ လက်ရှိအချိန်ထိတော့ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ၎င်းတို့အတွက် အရေးပါတဲ့နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရှုမြင်ထားဆဲဆိုတာကို တရုတ်တို့ဘက်က ပြသပေးနေတဲ့ သံတမန်ဆက်ဆံမှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။ ဥပမာတွေအနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်နည်းအရ ဆက်ဆံမှုတွေပိုမိုတိုးတက်လာတာ (ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နဲ့ ဥရောပကို မသွားခင် တရုတ်ကိုသွားခဲ့တာ)၊ မြစ်ဆုံဆည်စီမံကိန်းကိစ္စရပ်ကို ဖြေရှင်းဖို့ အဓိကကျတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တာနဲ့ ယူနန်ပြည်နယ်နဲ့ ကျောက်ဖြူပို့ဆောင်ရေး ကော်ရစ်ဒါတို့ ပါဝင်တဲ့ အခြားရှုပ်ထွေးနေတဲ့ အခြေခံအဆောက်အအုံကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ၊ မြန်မာပြည်မြောက်ပိုင်း ဒေသပဋိပက္ခဇုန်မှာ တရုတ်တို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးသူအဖြစ် ပါဝင်ပေးတာ စတာတွေကို မြင်နိုင်ပါတယ်။

အလားတူ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ကိစ္စရပ်အပေါ် အနောက်နိုင်ငံတွေဘက်က တုန့်ပြန်ပြုမူနေတာတွေဟာလည်း တရုတ်တို့အတွက် အခွင့်အရေးတစ်ခုလို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တရုတ်တို့အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ သုံးသပ်ဝေဖန်ပြောဆိုတာမျိုးထက်စာရင် အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်မစွက်ဖက်ရေးဆိုတဲ့အချက်ကိုပါ ဆွဲကိုင်ဆက်ဆံနေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ရခိုင်အရေး NLD အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် အနောက်အုပ်စုဘက်က တိုးမြင့်ပြစ်တင်သံတွေ ပေါ်ထွက်လာနေချိန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အနောက်အုပ်စုကို ယခုလိုပြစ်တင်နေမယ့်အစား ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုရသည်အထိ ဖြစ်ခဲ့ပါတယ်။ တစ်ဘက်မှာတော့ တရုတ်တို့အနေနဲ့ မြန်မာ့အရေးကိစ္စမှာ ပြဿနာကို ပြစ်တင်သူဆိုတာထက် ဖြေရှင်းပေးလိုသူအဖြစ် ခံယူလုပ်ကိုင်နေပုံတွေကိုထောက်ရင် ဒီပွဲမှာ တရုတ်တို့ဘက်က အသာရထားတယ်လို့တောင် ပြောရမှာဖြစ်ပါတယ်။

ကုန်ပေးသွင်းမှုကွင်းဆက်နဲ့ စီးပွားရေးဆိုင်ရာ ထောက်ရှုစဉ်းစားခြင်း

လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ခန့်မှန်းခြေ ၈ ရာခိုင်နှုန်းလောက် တိုးတက်မယ်လို့ မျှော်မှန်းထားပါတယ်။ ADB နဲ့ အခြားဘဏ္ဍာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ တရုတ်ဟာ မြန်မာ့ကုန်သွယ်မှုစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ သိရပါတယ်။ ဒီလိုမျိုး ကုန်သွယ်မှုတွေကို နောက်ထပ်ပိုမိုအဆင်ပြေချောမွေ့စေဖို့ တရုတ်တို့ဘက်က မြန်မာရဲ့ ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ချေးငွေထုတ်ပေးနိုင်မယ့် အစီအစဉ်တွေကို ခွင့်ပြုပေးထားတာလည်း ရှိပါတယ်။ ယခုချေးငွေထုတ်ပေးမှုဟာလည်း တရုတ်ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပြုပေးနိုင်မယ့် စီမံကိန်းအစီအစဉ်တွေအပေါ် အခြေခံမူတည်ပြီး ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီလိုကြောင့်လည်း တရုတ်တို့အနေနဲ့ ယခုချဉ်းကပ်မှုနဲ့အတူ မြစ်ဆုံဆည် ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အသုံးချခဲ့တာဖြစ်ပြီး ယူနန်၊ ကျောက်ဖြူ ကော်ရစ်ဒါအတွက်လည်း ပျော့ပြောင်းသိမ်မွေ့တဲ့ရပ်တည်ချက်ကို ပြသပေးလိုက်တာလည်း ဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ (BCIM) စီးပွားရေးပူးပေါင်းမှုသဘောတူညီချက် လက်မှတ်ထိုးမှုနဲ့အတူ နောက်ထပ်တိုးတက်မှုတွေ မြင်တွေ့ထားရပြီဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကနေ ထွက်ပေါ်လာတာကတော့ ကိုးလ်ကတ္တား၊ ဒါကာ၊ မန္တလေး၊ ကူမင်းတို့အကြား ချိတ်ဆက်ဆက်သွယ်ဖို့ဖြစ်ပြီးတော့ ပို့ဆောင်ရေး၊ စွမ်းအင်နဲ့ တယ်လီကွန်းဆိုင်ရာ ကော်ရစ်ဒါတစ်ခု တည်ဆောက်ဖို့လည်း ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ မြေပုံကို ယခုအောက်က တစ်ခုနဲ့ အစားထိုးထပ်ကြည့်လိုက်မယ်ဆိုရင် ဒီအစီအစဉ်မှာ အဓိကအချက်အချာအဖြစ်ရှိနေတာက မန္တလေးဆိုတာကို သင်တို့အနေနဲ့ သဘောပေါက်မိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဖြေရှင်းရဖို့ ကျန်နေဆဲ ကိစ္စတွေလည်း ရှိနေပါသေးတယ်။ ဒါတွေထဲမှာတော့ ရထားလမ်းတွေနဲ့အတူ ရေကြောင်းသယ်ယူပို့ဆောင်မှုတွေ အဆင်ပြေချောမွေ့စေဖို့ အထူးစီးပွားရေးဇုန်တွေ ဖန်တီးရေးတို့ ပါ၀င်နေပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းတွေ ထပ်မံပေါ်ထွက်လာတာကို မြင်ရဖို့ရှိနေပါတယ်။ ဒါကြောင့်လည်း လက်ရှိအချက်အချာကျတဲ့အခြေအနေကို ပိုင်ဆိုင်ထားတဲ့ စင်ကာပူကို ခြိမ်းခြောက်လာနေသလို ဖြစ်နေပြီးတော့ တရုတ်တို့အနေနဲ့ မာလက်ကာရေလက်ကြားကို ဖြတ်စရာမလိုဘဲ အခြားသော ကုန်သွယ်မှုနဲ့ စွမ်းအင်ပို့ဆောင်ရေးလမ်းကြောင်းတွေကို ရှာဖွေနေလျက်ရှိပါတယ်။

မြန်မာအနေနဲ့ကလည်း နှစ်ပေါင်းလေးဆယ်ကျော်ကြာ အရှေ့- အနောက် ကုန်သွယ်မှုတွေနဲ့ပဲ အများဆုံးလွှမ်းမိုးထားတဲ့ ထောက်ပံ့ပို့ဆောင်ရေးမျှချေကို လုံးဝပြောင်းလဲသွားဖို့ရှိနေပါတယ်။ တစ်ချိန်တုန်းက တစ်သီးတစ်ခြားနေထိုင်ခဲ့ရပြီး ထုတ်လုပ်မှုကုန်ကျစရိတ် နည်းတဲ့နေရာဒေသက ကုန်ထုတ်လုပ်သူတွေအနေနဲ့ ရထား ဒါမှမဟုတ် ရေယာဉ်သင်္ဘောတွေအသုံးပြုရတာနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ကုန်ကျစရိတ်ပိုင်းနဲ့ပတ်သက်လို့ စရိတ်စားက ပိုမိုသက်သာလာနိုင်ဖို့ကိုလည်း ပြန်လည်စဉ်းစားဖို့ နိုင်ငံဘက်က ခွင့်ပြုပေးရမှာဖြစ်ပါတယ်။ ADB ရဲ့လေ့လာချက်တစ်ခုအရတော့  မီးရထားဟာ သဘောင်္ထက်စာရင် ပိုမိုအကုန်အကျသက်သာတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယင်းလေ့လာချက်မှာတော့ ယခင် စနစ်တွေအပေါ်မှာပဲ မူတည်တွက်ချက်ခဲ့တာဖြစ်ပြီး ယခုလိုမျိုး ရထားလမ်းအကွာအဝေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်တွေကို ထည့်တွက်ထားခြင်းတော့မရှိပါဘူး။

ဒါ့အပြင် မီးရထားကုန်တွဲတွေက ရေယာဉ်သင်္ဘောတစ်စီးရဲ့ အမြန်နှုန်းထက် သုံးဆ ပိုမိုသွားလာနိုင်တဲ့အတွက်ကြောင့် ယခုလို ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းသစ်တွေကြောင့် ပိုထွက်လာနိုင်မယ့် ငွေပိုငွေလျှံတွေက ကုန်စည်းပေးသွင်းမှုကွင်းဆက်အတွက် စုဆောင်းရရှိမှုတွေအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှည်ကြာလှတဲ့ ရေကြောင်းခရီးစဉ်တွေပေါ်မှာ မူတည်နေတဲ့ ကုန်စည်စီးဆင်းမှုနဲ့အတူ အချိန်၊ ကုန်ကျစရိတ် ပမာဏတို့ကို ပိုမိုသက်သာနိုင်ရေး တိုင်းတာတွက်ချက်နိုင်ဖို့ လိုအပ်ပါတယ်။ ရေကြောင်းကုန်စည်ပို့ဆောင်သူတွေအနေနဲ့လည်း ပို့ဆောင်ရတဲ့့ကြာချိန်နဲ့ ကုန်ကျစရိတ်ကို ပိုမိုသက်သာလာစေနိုင်ရန် အဆင့်မြင့်ဆိပ်ကမ်းတွေနဲ့ ကုန်စည်အများအပြား လက်ခံနိုင်မယ့် အချက်အချာနေရာတွေ ထူထောင်တာမျိုးတွေနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။ ယင်းအတွက်ကြောင့် အထက်ပါအကြောင်းတရားတွေအတွက် အဓိကဆိပ်ကမ်းတွေ၊ တူးမြောင်းတွေ ဖော်ဆောင်လုပ်ကိုင်နိုင်ဖို့ မဟာဗျူဟာတစ်ရပ်အဖြစ် ပြောင်းလဲစဉ်းစားနေကြခြင်းဖြစ်ပါတယ်။ ခုဖော်ပြပါအရာအားလုံးနဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ပိုမိုအဆင်ပြေတိုးတက်စေနိုင်မှာဖြစ်ပါတယ်။

နိဂုံးပိုင်း

အောက်ဖော်ပြပါ ပို့ဆောင်ရေးမြေပုံတွင်တွေ့ရတဲ့ အထောက်အထားများအတိုင်း ရေကြောင်းနဲ့ မီးရထား ပို့ဆောင်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နေတာနဲ့အတူ မြန်မာသည်လည်း တရုတ်ရဲ့ "One Belt One Road" မဟာဗျူဟာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ တကယ်လို့ ဒူဘိုင်းနိုင်ငံကို ကြည့်ပြီး မြန်မာအနေနဲ့ သင်ခန်းစာယူနိုင်ဖို့လိုပါတယ်။ ဒီလိုသာဆိုရင် ယခင်ရေကြောင်းနဲ့ပဲ တင်ပို့နေတဲ့ ကုန်စည်ပမာဏ အများအပြားကို ရထားနဲ့ပြောင်းလဲတင်ပို့နိုင်ဖို့လုပ်ဆောင်နိုင်သလို ယင်းအပေါ်မှာမူတည်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ လက်ရှိအဓိကကုန်သွယ်မှု လမ်းကြောင်းတွေကနေ ပြောင်းလဲလုပ်ဆောင်သွားနိုင်ဖို့ရှိနေပါတယ်။ ဒူဘိုင်းအနေနဲ့ ဒီလိုမျိုး ပုံစံနဲ့ပဲ ယင်းရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ မြန်မာရဲ့ တည်နေရာတည်ရှိပုံကလည်း တရုတ်တို့ရဲ့ တရုတ်ရဲ့ "One Belt One Road" မဟာဗျူဟာဖြန့်ကျက်မှုမှာ အဓိကကျတဲ့ နေရာအကွက်အကွင်းကောင်းတစ်ခုမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီလိုနေရာကောင်းမှာရှိနေမှုကို လက်တွေ့အကျိုးဖြစ်အောင်အသုံးချနိုင်ဖို့အတွက် အထူးစီးပွားရေးဇုန်တွေအတွင်း ကုန်စည်အများအပြားဝင်ထွက်လက်ခံနိုင်မယ့် ရေနက်ဆိပ်ကမ်းတွေ ရှိထားနိုင်ဖို့လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly