ကြိုက်တာယူ ၅၀၀၀ တန် ဆိုင်များအား စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ တိုင်းအစိုးရကို တင်သွင်းမည်

ကြိုက်တာယူ ၅၀၀၀ တန် ဆိုင်များအား စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ တိုင်းအစိုးရကို တင်သွင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။          ။ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် ဖွင့်လှစ်ထားသည့် ကြိုက်တာယူ ၅၀၀၀ တန် ဆိုင်များနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ဇန်နဝါရီ လလယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်သွင်းသွားမည်ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မဇ္ဈိမသို့ပြောသည်။

"ဇန်နဝါရီလလယ်လောက်ပြီးအောင် ရေးတင်မှာပါ။ Pilot Project လုပ်တာ ကျောက်တံတား ပန်းဘဲတန်း နှစ်ခုဆိုတော့ မြို့နယ်နှစ်ခုပဲ ရေးပြီးတော့ ကျန်တဲ့မြို့နယ်တွေပါ ဆက်လက်ဆောင်ရွက်လို့ရတယ် ဆိုတာလေးကို အကြံပြုချက်လေး ထည့်ပြီးတော့ ပို့လိုက်မှာပါ" ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

အဆိုပါ မြို့နယ်အတွင်းက ဆိုင်များအား စစ်ဆေးရာတွင် စီးပွားရေးဗီဇာနှင့် လာရောက်သူများရှိနေသလို လူမှုရေးဗီဇာဖြင့် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများလည်း စစ်ဆေးတွေ့ရှိရခြင်းကြောင့် သက်ဆိုင်ရာကုမ္ပဏီများကို ပြန်လည်ကြီးကြပ်ဖို့ အစီရင်ခံစာအတွင်း ထည့်သွင်းရေးသားသွားမည်ဟု ဦးသန်းနိုင်ဦးကဆိုသည်။

အဆိုပါအစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ရပ်နားချိန်တွင် အပြီးသတ်ရေးသားသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီး ပန်းဘဲတန်းမြိုနယ်အတွင်း၌ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို သတ်မှတ်ဗီဇာဖြင့် ညီညွတ်မှုရှိမရှိစစ်ဆေးခဲ့ခြင်းဖြစ်ကာ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်အေးမောင်ဆီ တိုက်ရိုက်တင်သွင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly