တရားမဝင် အေးခဲကြက်သားရှိဟုဆိုကာ ယာယီပိတ်ခံထားရသည့် ယုန်မင်း အေးခဲကြက်သားထုတ် စက်ရုံ ဇူလိုင်လကုန် တွင်ပြန်လည် ပတ်မည်

တရားမဝင် အေးခဲကြက်သားရှိဟုဆိုကာ ယာယီပိတ်ခံထားရသည့် ယုန်မင်း အေးခဲကြက်သားထုတ် စက်ရုံ ဇူလိုင်လကုန် တွင်ပြန်လည် ပတ်မည်

မန္တလေး (မဇ္ဈိမ) ။ ။ ယုန်မင်းအေးခဲကြက်သားထုတ်စက်ရုံတွင် တရားမဝင် အေးခဲကြက်သားများရှိသည်ဟုဆိုကာ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး ဓာတ်ခွဲခန်းတွင် စစ်ရာတွင် လုပ်ထုံးလုပ်နည်း မညီညွတ်၍ ရပ်နားလိုက်ရသည့် စက်ရုံကို ဇူလိုင်လကုန်တွင် ပြန်လည် လည်ပတ်သွားမည်ဟု စက်ရုံ၏ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းမောင်က ဇူလိုင် ၂၀ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

စက်ရုံက ဇူလိုင် ၂၀ရက်တွင် မန္တလေးမြို့ လမ်း ၈၀၊ ၃၁လမ်း နှင့် ၃၂လမ်းကြား ကြည်တင်ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။  
"ဓာတ်ခွဲစမ်းသပ်ပြီးလို့ အဖြေရမှ စက်ရုံပိတ်ရမယ်။ ဖွင့်ရမယ်ဆိုတာသိရမယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ ကျွန်တော်တို့ဆီကို ဘာတစ်ခုမှအကြောင်းပြန်တာမရှိသေးဘူး။ ကျွန်တော်တို့အပစ်ရှိရင် ခံသွားမယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ယုံတယ်။ ဒီလကုန်မှ အဖြေမရသေးရင် စက်ရုံကို ဆက်လည်သွားမယ်။ စက်ရုံပိတ်ရမယ်။ ရပ်ရမယ်ဆိုရင် ကျွန်တော်တို့ တပည့်တွေ အလုပ်လက်မဲ့ ဖြစ်သွားမယ်"ဟု ဦးထွန်းမောင်က ပြောသည်။ 
 
အဆိုပါ အေးခဲကြက်သားများအား မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်တီ၊ ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းဦးစီးဌာန တို့ပါဝင်သည့် ပူပေါင်းအဖွဲ့မှ ပြည်ကြီးတံခွန်မြို့နယ်၊စံပြလမ်းနှင့် မင်္ဂလာလမ်းကြားရှိ ယုန်မင်း အေးခဲကြက်သားစက်ရုံသို့ ဝင်ရောက်စစ်ဆေးရာတွင် အအေးခန်းအတွင်း၌ အေးခဲကြက်သား ကုန်ချိန်ပိသာ (၅၀၀၀)ခန့် တွေ့ရှိခဲ့သည်။ ထိုအထဲမှ အေးခဲကြက်သားထုတ်တစ်ချို့ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲစမ်းသပ်ရန် နမူနာယူခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်မှုမြင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးသူက ပြောသည်။
 
အေးခဲကြက်သားများအား ဓာတ်ခွဲစစ်ဆေးရာတွင် ကြက်ငှက်တုတ်ကွေးပိုး မတွေ့ရှိရသော်လည်း Staphylococcus aureus ဘက်တီးရီးယားပိုးတွေ့ရှိရသည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဇူလိုင်လ ၁၆ ရက်တွင် ပေးပို့သော အကြောင်းကြားစာအရသိရသည်။
 
အဆိုပါအကြောင်းကြားစာထဲတွင် စစ်ဆေးတွေ့ရှိသော Staphylococcus aureus ဘက်တီးရီးယားပိုးသည် အစာအဆိပ်သင့်စေခြင်း၊ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ဆီးသွားလမ်းကြောင်းတွင် ရောဂါဖြစ်စေခြင်းနှင့် နှလုံးကြွက်သားရောင်ရမ်းခြင်းအထိ ဖြစ်စေနိုင်သည့် ဘက်တီရီးယားပိုးဖြစ်ကြောင်းနှင့် အစားအစာမှတဆင့် အစာအဆိပ်သင့်ကာ အသက်သေဆုံးနိုင်သည်ဟု ပါရှိသည်။
 
ယုန်မင်းစက်ရုံ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းမောင်ကမူ “စစ်ဆေးမှုများနှင့် ပတ်သက်လို့က ဒီနေ့အချိန်ထိ ကျွန်တော်တို့ကို အကြောင်းမကြားဘူး။ဒီလိုအကြောင်းမကြားတာဟာ ကျွန်တော်တို့မှာ အပြစ်မရှိလို့ပါ။ တကယ်ပဲ စစ်ဆေးတာမှာ ပိုးတွေ့တယ်ဆိုရင်တော့ ဒုတိယအကြိမ် ပြန်စစ်ဆေးဖို့ တောင်းဆိုသွားမှာပါ။” ဟုပြောသည်။
 
လက်ရှိအခြေအနေတွင် အေးခဲစက်ရုံမှာ ရပ်နားထားသော်လည်း လတ်ဆတ်ကြက်သားများ ထုတ်လုပ်ဖြန့်ချိနေဆဲဖြစ်သည်ဟု ဦးထွန်းမောင်ကဆိုသည်။
 
“ကျွန်တော့် ဝန်ထမ်းတွေ အလုပ်လက်မဲ့ မဖြစ်ဖို့ လတ်ဆတ်တဲ့ ကြက်ကိုတော့ ဆက်ရောင်းနေတယ်။ လတ်ဆတ်ကြက်ဆိုတာက ကြက်အစိမ်းကို အကောင်လိုက်ရောင်းတာပါပဲ။ ကျွန်တော်တို့ ယုန်မင်းကို ယုံကြည်အောင် ပြန်တည်ဆောက်ရဦးမယ်။ လောလောဆယ်တော့ ရောင်းအားတွေကျနေတယ်" ဦးထွန်းမောင်ကပြောသည်။
 
ယုန်မင်း အေးခဲကြက်သားစက်ရုံသည် ၂၀၁၂ ခုနှစ်မှစတင်၍ လုပ်ကိုင်နေသော မန္တလေးမြို့တွင် တစ်ခုတည်းသော စက်ရုံဖြစ်ပြီး ဝန်ထမ်း ၅၀ ကျော်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။ 
 
ယုန်မင်းစက်ရုံဘက်ကလည်း ၎င်းတို့ စက်ရုံထွက် အေးခဲကြက်သားများအား ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးရန် စီစဉ်နေပြီး စက်ရုံပြန်ဖွင့်ပါက ကြက်သားများအား ရောဂါ စစ်ဆေးရန် ကျွမ်းကျင် ပညာရှင်များခန့်ထားရေးအတွက် ဆောင်ရွက်သွားမည်ဟု ဦးထွန်းမောင်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly