မြန်မာနိုင်ငံ တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာ၍ ရေကြီးနိုင်

မြန်မာနိုင်ငံ တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာ၍ ရေကြီးနိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ မုတ်သုံလေ အားကောင်းနေသောကြောင့် နောက် နှစ်ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်းတွင်  မိုးဆက်တိုက်ရွာ၍ ရေကြီး ရေလျှံ မှုဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ  ညွှန်ကြားမှု ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးလှထွန်းက ဇူလိုင် ၂၀ တွင် မဇ္ဈိမကိုပြောသည်။

၎င်းက "မြန်မာနိုင်ငံတောင်ပိုင်းမှာ နောက်နှစ်ရက်အထိ မိုးကောင်းဦးမယ်”ဟု ပြောသည်။

မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် မြောက်ပိုင်းတို့ တွင် မိုးရေချိန်များမည် ဟု ၎င်း၏ လှုမှု ကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

မိုးရွာသွန်းမှုများသောကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောအချို့ ကျောက်ချထားရကြောင်းကို ကမ်းရိုးတန်းသဘောၤ ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်မြင့်သူက "မိုးများလို့ သဘောၤ ကဆက်မထွက်ဘဲ ကျောက်ချထားတာ လွန်ခဲ့တဲ့ တစ်ပတ် ကတည်းက လကုန်လောက် နားထားတာ ရာသီဥတုက အခြေနေမကောင်းဘူး။ အန္တရာယ်ရှိတယ်"ဟု မဇ္ဈိမကိုပြောသည်။

မိုးများပြီး ရေဖုံးလွှမ်းမှုကြောင့် စစ်ကိုင်းတိုင်း အတွင်း ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းစံပြကျေးရွာရှိ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်သည် ဇူလိုင် ၁၆ ရက်မှ စတင်ကာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသည်ဟု ချပ်သင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က မဇ္ဈိမကိုပြောသည်။

"အခုတော့ရေကျသွားပြီ။ ဒါပေမယ့် အိမ်ခြေ ၁၀၀လောက်ကတော့ ရေမြုပ်နေတုန်းပဲ၊ အခုက ကျန်းမားရေးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်"ဟု ၎င်းကပြောသည်။

ဇူလိုင် ၁၉ရက် အထိ မိုးရွာသွန်းမှုများခဲ့သည့်  ပြည်နယ် နှင့် တိုင်းများမှာ စစ်ကိုင်းတိုင်း အောက်ဘက် ရွေဘို၊ ဧရာဝတီတိုင်း (မအူပင်) ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း(မုံရွာ)၊ ရခိုင်ပြည်နယ် (ကျောက်ဖြူ) ၊ရန်ကုန်တိုင်း (မင်္ဂလာဒုံ) ၊ပဲခူးတိုင်း (ပဲခူး) မွန်ပြည်နယ် (သထုံ)  တို့ ဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags