ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့် ယနေ့ဖွဲ့စည်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့် ယနေ့ဖွဲ့စည်း
ယနေ့ပြုလုပ်သည့် JCB အစည်းအဝေးတက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ၂၀ ။             ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်အတိုင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္စျိမသို့ ပြောသည်။

“ အစိုးရဘက်က ၈ယောက်၊ (EAO) တိုင်းရင်းသားလက်နက်ကိုင်ဘက်က ၈ ယောက် ၊ ညီတူမျှတူ ” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဘက်မှ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဒေါ် ရှီလာနန်တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း တို့ ပါ၀င်မည်ဖြစ်ကြောင်း ဦးဇော်ဌေး ပြောပြချက်အရ သိရသည်။

“ EAO ဘက်ကတော့ သူတို့ချင်းပြန်ဆွေးနွေးရဦးမယ် ” ဟု ၄င်းကပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် (EAO ) ဘက်မှ ကိုယ်စားလှယ် ၈ ဦးအနေဖြင့် လက်မှတ်ထိုးပြီးသားအဖွဲ့၊ မထိုးရသေးသည့်အဖွဲ့၊ ၀ နှင့် မိုင်းလားအဖွဲ့များကြား မည်ကဲ့သို့ပါ၀င်မည်ကို အချင်းချင်း ပြန်လည်ဆွေးနွေးကြရဦးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ ညီချက် NCA လက်မှတ် ရေးထိုးထားသောအဖွဲ့များသာမက NCA လက်မှတ်ရေးထိုးခြင်း မပြုရသေး သောအဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးအရ သိရသည်။ အပစ်ရပ်လက်မှတ် NCA မထိုးသေးသည့် အဖွဲ့ထဲမှ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက် ဒရယ်ကောင်စီ  UNFC မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေးအဖွဲ့ DPN ပါ၀င်ပြီး  ၀ နှင့် မိုင်းလားတို့လည်း ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ထဲတွင် ပါ၀င်မည်ဖြစ်သည်။

JCB ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးသို့ Nationwide Ceasefire Agreement-NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း(KNU အထွေထွေအတွင်း ရေးမှူး)၊ ခွန်ဥက္ကာ(PNLO ဦးဆောင် နာယက)၊ စိုင်းလျန်း(RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေအတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)တို့နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား နိုင်အောင်မငေး(DPN အဖွဲ့ဝင်)၊ ဦးထွန်းဇော် (DPN အဖွဲ့ဝင်)၊ နိုင်ဗညားမွန် (NMSP)၊ ဦးစံလော့ (“ဝ” အထူးဒေသ(၂)၊ ပြည်ပဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ) တို့ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required