လုံခြံုရေးသတိရှိရန် သတိပေးချက် ထုတ်ထားသော်လည်း မောင်တော လုံခြံုရေး တည်ငြိမ်ဟု မြို့နယ်မှူး ဆို

လုံခြံုရေးသတိရှိရန် သတိပေးချက် ထုတ်ထားသော်လည်း မောင်တော လုံခြံုရေး တည်ငြိမ်ဟု မြို့နယ်မှူး ဆို

ရန်ကုန် ၊ဇူလိုင် ၂၀ ။    ။ နယ်စပ်လုံခြုံရေး အတွက်ဒေသတွင်း သတိရှိစေရန် စာထုတ်ထားခြင်း သာဖြစ်ပြီးမောင်တော လုံခြုံရေး အခြေအနေမှာ တည်ငြိမ်သည် ဟုမောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်မြဝင်းက  မဇ္ဈိမကိုပြောသည်။

မောင်တောခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများကို RSO နှင့် ပတ်သက်သော လုံခြုံရေး သတိပေးချက် တစ်ရပ်ကိုမောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၁၆ရက်တွင် အရေးပေါ်ထုတ်ပြန်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် RSO အဖွဲ့နှင့် Islamic အဖွ့ဲတို့ ပူးပေါင်းမည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးစပ်သော မောင်တောခရိုင်အတွင်း လုံခြုံရေး သတိရှိရန်ဟု ထုတ်ပြန် ချက်တွင်ထည့်သွင်းထားသည်။  

ယင်းသို့  လုံခြုံရေး သတိပေးချက်အနေဖြင့်ထုတ်ပြန်ခဲ့သော်လည်း မောင်တော ခရိုင်လုံခြုံရေး မှာ ပုံမှန်အတိုင်း ရှိနေသည်ဟု ဆိုသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူးက  "လုံခြုံရေးက ပုံမှန်ပဲ ထွေထွေထူးထူးဖြစ်စဉ်တွေမရှိဘူး၊ ဌာနဆိုင်ရာဝန် ထမ်းတွေ အတွက် သီးခြား လုံခြုံရေး ထားရှိမယ့်အစီအစဉ်လည်းမရှိဘူး"ဟု ပြောသည်။

ဒေသအတွင်း သီးခြားလုံခြုံရေး ရယူရန် မရှိဘဲ  သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက တစ်ရက်လျှင် သုံးကြိမ် မိမိ မြို့နယ်အတွင်း လှည့်ကင်းများ အဖြစ်သာ ဆောင်ရွက်လျှက်ရှိသည် ဟုဆိုသည်။

ဘင်္ဂလီများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထည့်ခွင့်မရခြင်းကြောင့်ထိုသို့ ဆူပူမှုများဖန်တီးရန် အစီအစဉ် ရှိသည် ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

မောင်တော မြို့နယ် အလယ်သံကျော်ကျေးရွာတွင် မူလ တန်းကျောင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးကျော်ဆန်း က "ဆရာမတွေ(သုံးယောက်)ကတော့ မလာရဲကြတော့ဘူး ကျောင်းမတက်တာ တစ်ပတ်ရှိပြီ ၊ လုံခြုံရေး သတိပေးတယ် ဆိုပေ မယ့် လုံခြုံရေးကို ဘယ်သူမှ တာဝန်မယူကြဘူးလေ "ဟု ဆိုသည်။

လက်ရှိတွင် ထိုကျောင်း၌ ကျောင်းသား နှစ်ရာကျော်ရှိပြီး အစ္စလာမ်ဘာသာ ဝင်၊ကျောင်းသားများ အများစု ဖြစ်သည် ဟုဆိုသည်။ ထိုဒေသတွင်း ကျောင်းအုပ်ဆရာအဖြစ် လေးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဝန်ထမ်းများကို အကြမ်းဖက်မှု များကြုံတွေ့ဖူးခြင်းမရှိ ဟုလည်း ၎င်းက ဆိုသည်။

ဦးကျော်ဆန်းက"ဘာပြသနာမှ ဖြစ်တာတော့မရှိသေးဘူး၊ အထက်ကစာထုတ်တော့ လန့်သွားကြတာပါ" ဟုသည်။ အစ္စလာမ် ဘာသာဝင်တို့ ၏ ဥပုသ် ကာလ အပြီးတွင် ဌာန ဆိုင်ရာဝန်ထမ်းများကို လုပ်ကြံမည် ဟု ထို အရေးပေါ်ထုတ်ပြန်ချက် တွင်ပါဝင် သည်။

ရခိုင်ပြည်နယ် ပညာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက "လုံခြုံရေးကြောင့်ကျောင်းတွေ ပိတ်ထား ရတာမရှိဘူး ၊ ဆရာ ၊ဆရာမ  အချို့ကျောင်းပျက်တာတေ့ာရှိချင်ရှိမှာပေါ့ ။ လုံခြုံရေး ကြောင့် မလာရဲတာမဟုတ်ပါဘူး "ဟု ပြောသည်။

သို့သော်လည်း  နယ်စပ်ဒေသများတွင်မူ လုံခြုံရေးတိုးချထားသည် ဟု မောင်တော နယ်ခြားစောင့်တပ် ဗဟိုဌာန ချုပ် မှ ရဲတပ်ကြပ် တစ်ဦးက ဆိုသည်။

၎င်းက  "ဘင်္ဂလီရွာတွေ ဝိုင်းထားတဲ့ ရခိုင်ရွာတွေရှိတယ် ဒီရွာတွေကို လုံခြုံရေး ပိုချထားတယ်၊ ဂိတ်တွေ မှာ လုံခြုံရေးထပ်တိုး တယ် ၊နောက်ပြီး စာသင်ကျောင်းကို သွားတဲ့ဆရာ ဆရာမတွေကို ရဲနှစ်ယောက်က လုံခြုံရေးယူပေးတယ် ရွာတိုင်းတော့ မဟုတ် ဘူး "ဟု ပြောသည်။

မောင်တော မြို့နယ်တွင် ယာယီထားရှိစစ်ဆေးနေသော လှေစီးဒုက္ခသည်များလည်း ထွက်ပြေးမှုများရှိနေပြီး ဒုက္ခသည်နှစ်ဆယ် ဦးခန့် ထွက်ပြေးပြီးဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တောဒေသ သည် ဝေးလံ ခေါင်သီသော ဒေသအဖြစ်သတ်မှတ်ပြီး ဌာန ဆိုင်ရာ ဝန်ထမ်းများ ကို ပုံမှန်ထက်လစာ  နှစ်ဆ ပိုပေး၍ ခန့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly