တိုက်ပွဲများ ဖြစ်ပွားနေပေမယ့် အစိုးရ၏ ငြိမ်းချမ်းရေးလမ်းကြောင်း ပြောင်းလဲမည်မဟုတ်

တိုက်ပွဲများ ဖြစ်ပွားနေပေမယ့် အစိုးရ၏ ငြိမ်းချမ်းရေးလမ်းကြောင်း ပြောင်းလဲမည်မဟုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။            ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားနေပေမယ့် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္စျိမသို့ ပြောသည်။

"NCA ထိုးပါ။ ၂၁ ရာစုပင်လုံတက်ပါ၊ နိုင်ငံရေးဆွေးနွေးပွဲမှာ အပေးအယူလုပ်ပါ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်" ဟု ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရ၏သဘောထားကို သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

NCA အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးထားသည့်အဖွဲ့အစည်းများဖြစ်သည့် UNFC နှင့် ဒီဇင်ဘာ ဒုတိယအပတ်တွင် တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ယင်းအဖွဲ့များက ဒီဇင်ဘာတစ်လလုံး မအားလပ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။ သို့သော် လက်တလောတိုက်ပွဲများဖြစ်ပွားနေသည့် ကေအိုင်အေနှင့် အစိုးရကိုယ်စားလှယ်များအကြား တိုက်ရိုက်ဆွေးနွေးရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အေတို့ အခိုုင်အမာ တပ်စွဲထားသည်ဟူသည့် ဂီဒုန်စခန်းနှင့် ဆက်စပ် တောင်ကုန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ အသက်စွန့်လွှတ်ခဲ့ရသည်ဟု ဖော်ပြထားပေမယ့် တိကျစွာထုတ်ပြန်ထားခြင်းမျိုး မရှိပေ။

အစိုးရအနေဖြင့် ဖေဖော်ဝါရီလတွင်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ပြင်ဆင်နေပြီး ကာလနီးကပ်လာသော်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ဖြစ်ပွားနေခြင်းသည် ညီလာခံအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းကို "စစ်ရပ်စဲရေးသော်လည်းကောင်း အားလုံးပါ၀င်ရေးသော်လည်းကောင်း မလုပ်နိုင်ရင် ပထမ ၂၁ ရာစုပင်လုံညီလာခံထက် အခြေအနေက   လျော့ပါးသွားမှာပဲ" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ပြီးခဲ့သည့်လက ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနယ်စပ်ရှိ မူဆယ်ဒေသတွင် ကေအိုင်အေပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်   မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရပြီး ဒေသခံထောင်ပေါင်းများစွာလည်း အိမ်နီးချင်း တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required