အစိုးရမှ ရခိုင်ကိစ္စ အထူးအလေးထား ကိုင်တွယ်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

အစိုးရမှ ရခိုင်ကိစ္စ အထူးအလေးထား ကိုင်တွယ်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။          ။ ရခိုင်အရေးအတွက် အစိုးရအနေဖြင့် အထူးအလေးထား ဂရုစိုက်ကိုင်တွယ်နေပြီး အောင်မြင်မှုရရှိရန် အချိန်ကာလအတိုင်းအတာ တစ်ခုလိုအပ်မည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ရခိုင်အရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည့် ယင်းအလွတ်သဘောအစည်းအဝေးတွင် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများအကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ အစပိုင်းက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသုံးခုအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌  ဖြစ်ပေါ်တိုးတက်နေမှု အခြေအနေများကို  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်မြောက်ဘက်ရှိ အသိုက်အဝန်းနှစ်ရပ်စလုံးအပေါ် ကုလသမဂ္ဂ အေဂျင်စီများနှင့်ပူးပေါင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးနေမှုများနှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက်နေမှုတွေကို ပြောသည်။

ယခုကဲ့သို့ ရှုပ်ထွေးလှသည့် အရေးကိစ္စကို အစိုးရအနေဖြင့် အထူးအလေးထားဂရုစိုက်ကိုင်တွယ်လျက်ရှိနေပြီး ပုံမှန်အခြေအနေပြန်ရောက်ရန် အချိန်အတိုင်းအတာတစ်ခု ယူရမည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းအစည်းအဝေးတွင် ပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က “ ရခိုင်အရေးသည် အချိန်ယူဖြေရှင်းရမည့်အခြေအနေတစ်ခု” ဟု ထုတ်ပြန်ထားပြီး စင်ကာပူအနေဖြင့် ရခိုင်သို့ လူသားချင်းစာနာမှု အကူညီများ   ပေးသွားမည်ဟု အဆိုပြုထားသည်။

ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများက လူသားချင်းစာနာမှုဆိုင်ရာ နှင့် ဖွံ့ဖြိုးရေးအကူအညီများ ကူညီပေးရန် အသင့်ရှိနေကြောင်းပြောခဲ့ပြီး မြန်မာဘက်မှလည်း အကူညီများဝင်ရောက်ခွင့်ပြုရန် အသင့်ရှိပြီး   ဖြစ်ပေါ်နေသော အခြေအနေများကို ဆက်လက်အသိပေးသွားမည်ဟု နှစ်ဦးနှစ်ဖက် ပြောဆိုသည်ဟု မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ယနေ့တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဘရူနိုင်း နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဝန်ကြီးဌာန ဒုဝန်ကြီး ၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ၊ ဖိလစ်ပို်င်နိုင်ငံခြားရေးဝန်ကြီး ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ၊ ဗီယက်နမ်နိုင်ငံခြားရေးဒုဝန်ကြီး နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required