ဂျော်ဒန်တောင်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ၁၄ ဦးထက်မနည်း သေဆုံး

ဂျော်ဒန်တောင်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ၁၄ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၁၉ ။              ။ ဂျော်ဒန်နိုင်ငံ Karak မြို့တောင်ပိုင်းရှိ သမိုင်းဝင် ရဲတိုက်တစ်ခုကို ၀င်ရောက်စီးနင်းခဲ့သော လက်နက်ကိုင်သေနတ်သမားအုပ်စုတစ်စုနှင့် ရဲတပ်ဖွဲ့တို့အကြား ဒီဇင်ဘာ ၁၈ ရက်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဌာနက ထုတ်ပြန်သွားသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်တွင် ရဲဝန်ထမ်းခုနစ်ဦး၊ အရပ်သားနှစ်ဦး၊ ကနေဒါနိုင်ငံသား ခရီးသွားတစ်ဦးနှင့် သေနတ်သမားလေးဦး သေဆုံးသွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးထိ ရှိခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

ယင်းနေ့က အရေအတွက်အတိအကျမသိရသော လက်နက်ကိုင်သေနတ်သမားများသည် ယင်းရဲတိုက်ကို ၀င်ရောက်စီးနင်းခိုလှုံနေခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ပြည်ပနာမည်ကြီး အကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်မှုမရှိသော်လည်း အကြမ်းဖက်သမားများသာဖြစ်ကြောင်း ဂျော်ဒန်ပြည်ထဲရေးဌာနက ထုတ်ပြန်သွားသည်။

Karak မြို့မှ ယင်းရဲတိုက်မှာ အလယ်ခေတ်ကာလကတည်းက ခရူးဆိတ်စစ်ပွဲ၌ပါ၀င်တိုက်ခိုက်ခဲ့သူတို့ တည်ဆောက်ခဲ့သော ရဲတိုက်တစ်ခုဖြစ်ပြီး ယင်းနိုင်ငံတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အဆောက်အအုံတစ်ခုလည်းဖြစ်သည်။

ဂျော်ဒန်နိုင်ငံမြို့တော် Amman ၏ တောင်ဘက် ကီလိုမီတာ ၁၂၀ အကွာရှိယင်းရဲတိုက်တွင် ပုန်းခိုနေသူ သေနတ်သမား ငါးဦး သို့မဟုတ် ခြောက်ဦးထိရှိခဲ့ကြောင်း အာဏာပိုင်များက အစောပိုင်းက ထုတ်ပြန်သွားခဲ့ပြီး ယခုအခါ ရဲများ၏ ပစ်ခတ်မှုကြောင့် သေနတ်သမားလေးဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းဧရိယာဝန်းကျင်အတွင်း ဆက်လက်၍ ရှင်းလင်းနေလျက်ရှိကြောင်းလည်း သိရသည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ယင်းရဲတိုက်ပစ်ခတ်မှုအပြင် Qatraneh ဒေသရှိ နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုသတင်းအရ ရဲများသွားရောက်ရာ သေနတ်သမားများက ပစ်ခတ် ထွက်ပြေးသွားမှုဖြစ်စဉ်လည်း ဖြစ်ထားခဲ့သည်ဟုလည်း သိရသည်။ အလားတူ တတိယမြောက်ပစ်ခတ်မှုအဖြစ် Karak မြို့တွင်း ကင်းလှည့်မှုတစ်ခု၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီး အသေအပျောက် သတင်းမကြားရသေးကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required